■ အယ်လ်ဗာရက်ဇ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ရရှိရန် မန်စီးတီးအသင်း လိုလား

■ အယ်လ်ဗာရက်ဇ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ရရှိရန် မန်စီးတီးအသင်း လိုလား
Published 26 July 2024

မန်စီးတီးအသင်းသည် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ရရှိရန် လိုလားနေကြောင်း သိရသည်။

    

မန်စီးတီးအသင်းသည် အယ်လ်ဗာရက်ဇ်(၂၄ နှစ်)ကို ၂၀၂၂ ခုနှစ်တွင် ရေးဗားပလိတ်အသင်းထံမှ ယူရို(၁၇)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။ 

အာဂျင်တီးနားလက်ရွေးစင်အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်လာသည့် အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။ 

အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းတွင် ပွဲကစားခွင့် ပိုမိုရရှိရန် လိုလားသော်လည်း နော်ဝေတိုက်စစ်မှူး ဟာလန်း၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ရပ်တည်နေရသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိလာခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ မန်စီးတီးအသင်းနှင့် လမ်းခွဲရန် စီစဉ်လာသည့် အယ်လ်ဗာရက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် ပြင်သစ်ထိပ်သီး PSG အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ ဆော်ဒီကလပ်အသင်းအချို့ကလည်း စောင့်ကြည့်နေကြောင်း သိရသည်။

    

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အယ်လ်ဗာရက်ဇ်ကို ရောင်းထုတ်လိုခြင်းမရှိသော်လည်း မန်စီးတီးအသင်းတာဝန်ရှိသူများကမူ အခွင့်အရေးများ ပိုမိုတောင်းဆိုလာခြင်းကြောင့် အယ်လ်ဗာရက်ဇ်ကို ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ 

သို့သော် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀) နှင့် Add-ons ကြေး ယူရိုသန်း(၂၀)ရရှိမှသာ လက်ခံမည်ဟု သိရသည်။ ထွက်ပေါ်နေသည့်သတင်းများအရ အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းမှ ထွက်ခွာဖြစ်ခဲ့ပါက ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန် အလားအလာများနေကြောင်း သိရသည်။ 

အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းအတွက် (၂)ရာသီကစားခဲ့ရာတွင် ပြိုင်ပွဲစုံ(၁၀၃)ပွဲ၌ (၃၆)ဂိုး သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent