အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံလွှဲအပ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံလွှဲအပ်
Published 22 July 2024

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ယာယီသမ္မတတာဝန်ဝတ္တရားများအား နစက ဥက္ကဋ္ဌထံလွှဲအပ်ကြောင်း ယနေ့(ဇူလိုင် ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရကြောင်း ၊ ထိုသို့သော ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန်လစ်ဟင်း နေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့ကြောင်း သိရသည်။

ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီ ခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန်နေခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ကြောင်း နစက က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြော အားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများ ခံယူခဲ့ပြီး ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်အထိ အမှတ်( ၂) တပ်မတော်ဆေးရုံကြီး ကုတင်( ၁၀၀၀)တွင် ဆေးကုသမှု ခံယူခဲ့ကြောင်း နစက က ထုတ်ပြန်သည်။

ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နစက က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ရှစ်ဦး ပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း နစက က ထုတ်ပြန်သည်။

Most Read

Most Recent