ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်တွင် ရေစီးနှင့်မျောပါကာ ကျောက်ကြားထဲညှပ်ပြီး သေဆုံးခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ပြန်လည်ဆယ်ယူရရှိ

ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်တွင် ရေစီးနှင့်မျောပါကာ ကျောက်ကြားထဲညှပ်ပြီး သေဆုံးခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ပြန်လည်ဆယ်ယူရရှိ
Photo Credit - သုခမေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်း (မုဒုံ/ညောင်ကုန်း/ဝက်တဲ)
Photo Credit - သုခမေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်း (မုဒုံ/ညောင်ကုန်း/ဝက်တဲ)
Published 22 July 2024

ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်တွင် ရေစီးနှင့်မျောပါကာ ကျောက်ကြားထဲညှပ်ပြီး သေဆုံးခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းအချိန်က ပြန်လည်ဆယ်ယူရရှိခဲ့ပြီးဖြစ်ကြောင်း ဒေသခံပြည်သူများနှင့်  လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၁ ရက် (ဝါဆိုလပြည့်ကျော် (၁) ရက်နေ့) မွန်းလွဲပိုင်းအချိန်က အဆိုပါဆင်ရွာရေတံခွန်တွင် မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ ကော့ခလယ်ရပ်နေ အသက်(၁၅) နှစ်အရွယ်အမျိုးသမီးငယ်မှာ လူအုပ်ကြားထဲ တွန်းတိုက်မိရာမှ ခြေချော်ပြီး ရေထဲပြုတ်ကျနောက်၊ ရေစီးနှင့်မျောပါကာ ကျောက်တုံးများကြားထဲညှပ်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဖြစ်ဖြစ်ချင်း ရေထဲကျသွားတဲ့ ကောင်မလေးကို လိုက်ရှာကြပေမယ့် ရေစီးကသန်နေတော့ ရှာမတွေ့ကြဘူး။ နောက်တော့ မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားပြီးတော့ ဝိုင်းရှာကြာတော့မှ ကျောက်တုံးတွေကြားထဲမှာ လက်ကလေးပေါ်နေတာတွေ့ကြရတယ်။ အဲ့ဒါကို ဆွဲထုတ်ကြတာ ရေစီးသန်နေတာရော၊ ညနေစောင်းပြီး မှောင်သွားတာရောနဲ့ သက်ဆိုင်ရာက ဆယ်ထုတ်ဖို့ခွင့်မပြုတော့ဘူး။ အဲ့ဒါနဲ့လက်ကိုဘဲ ကြိုးချည်ပြီးထားခဲ့ကြရတယ်။ ဒီနေ့(ဇူလိုင်လ (၂၂) ရက်) မနက်ပိုင်းမှ ကောင်မလေးရဲ့ အလောင်းကို ဆယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းရှာဖွေကယ်ဆယ်မှုအား ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ Rescue Team နှင့်အတူ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ် နှင့် မုဒုံမြို့နယ်တို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြရကြောင်း သိရသည်။

“ရေစီးသန်တော့ ရေလမ်းကြောင်းလွှဲတွေဘာတွေပြုလုပ်ပြီးမှ အမျိုးသမီးငယ်ရဲ့ Dead Body ကို ဆွဲထုတ်နိုင်ခဲ့ကြတာပါ။ Dead Body ကိုတော့ မုတ္တမပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့နောက် ရေစီးနှင့်မျောပါကာ ကျောက်ကြားထဲညှပ်ပြီး သေဆုံးခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား မုတ္တမဆေးရုံမှ တဆင့် မုဒုံမြို့၊ ကန်ကလေးသုဿန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင် ၂၁ ရက်မှာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ ဝါဆိုပန်းခူးနေ့ဖြစ်သည့်အားလျော်စွာ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ရေတံခွန်များ၊ စမ်းချောင်းများသို့ သွားရောက်အပန်းဖြေအနားယူသူများ များပြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အလားတူ ဇူလိုင်လ (၂၁) ရက်နေ့မနက်ပိုင်းက မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဝဲဝမ်ချောင်းအတွင်း အမည်မသိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း နှင့်  အမျိုးသား၏ ရုပ်အလောင်းအား ကမာဝက် NTY လူမှုကူညီရေးအသင်း နှင့် ကမာဝက်နာရေးအသင်းတို့ ပူပေါင်းကာ ချောင်းအတွင်းမှ ဆယ်ယူခဲ့ပြီးနောက် ကမာဝက်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent