မြန်မာလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများအတွက် အုပ်စုပွဲစဉ်များ ထုတ်ပြန်

မြန်မာလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများအတွက် အုပ်စုပွဲစဉ်များ ထုတ်ပြန်
Photo: MFF
Photo: MFF
Published 15 July 2024

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် မြန်မာလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများအတွက် အုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် အုပ်စု(I)  ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် ကျရောက်နေပြီး ယင်းအုပ်စုပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့်စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၂၅ ရက်တွင် အိမ်ရှင်ကာဂျစ္စတန်အသင်း၊ စက်တင်ဘာ ၂၇ ရက်တွင် ဂျပန်အသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ ၁၀ နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု ၁၀ ခုမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ၅ သင်း ပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ယင်းခြေစစ်ပွဲကို အသင်းပေါင်း  ၄၅ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅ သင်း ၅ အုပ်စုနှင့်၊ ၄ သင်း ၅ အုပ်စုခွဲ၍ ကျင်းပမည် ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းသည် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် အုပ်စု(I)  ၌ ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန်အသင်းတို့နှင့် ကျရောက်နေပြီး ယင်းအုပ်စုပွဲစဉ်များကို  ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့်အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းသည် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၃ ရက်တွင် ယီမင်အသင်း၊ အောက်တိုဘာ ၂၅ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ကာဂျစ္စတန်အသင်းတိို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို အောက်တိုဘာ (၁၉)ရက်မှ (၂၇) ရက်အထိ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ ၁၀ နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု ၁၀ ခုမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ၅ သင်း ပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ 

Most Read

Most Recent