လွင်မိုးအောင်၏ ရရောင်းအသင်း ထိုင်းလိဂ်-၂ Play-Off ဖိုင်နယ် ဒုတိယအကျော့တွင် နာခွန်ဆီအသင်းနှင့် ဂိုးမရှိသရေကျပြီး အဝေးဂိုးစည်းမျဉ်းဖြင့် ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရရှိ

လွင်မိုးအောင်၏ ရရောင်းအသင်း ထိုင်းလိဂ်-၂ Play-Off ဖိုင်နယ် ဒုတိယအကျော့တွင် နာခွန်ဆီအသင်းနှင့် ဂိုးမရှိသရေကျပြီး အဝေးဂိုးစည်းမျဉ်းဖြင့် ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရရှိ
Photo: RYFC
Photo: RYFC
Published 27 May 2024

 မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်သူ လွင်မိုးအောင်၏ ရရောင်းအသင်းသည် ထိုင်းလိဂ်-၂ Play-Off ဖိုင်နယ် ဒုတိယအကျော့တွင် နာခွန်ဆီအသင်းနှင့် ဂိုးမရှိသရေကျပြီး အဝေးဂိုးစည်းမျဉ်းဖြင့် ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် ထိုင်းလိဂ်-၂ Play-Off ဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းအဖြစ် ပြီးခဲ့သည့် မေ ၂၅ ရက်က နာခွန်ဆီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် လွင်မိုးအောင်မှာ ရရောင်းအသင်း၌ ပွဲထွက်ကစားခွင့်မရရှိခဲ့ဘဲ ပွဲကစားချိန်(၈၁) မိနစ်ရောက်မှ လူစားဝင်ကစားခွင့် ရရှိခဲ့သည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် ထိုင်းလိဂ်-၂  Play-Off ဖိုင်နယ် ပထမအကျော့ အဝေးကွင်းတွင် နာခွန်ဆီအသင်း နှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့သောကြောင့် အဝေးဂိုးစည်းမျဉ်းဖြင့် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် ချန်ပီယံဆုရ  မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်၏ နာခွန်ရတ်ချာစီးမာအသင်းနှင့် ဒုတိယရ နောင်ဘူရာအသင်းတို့မှာ လာမည့်ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ပြီး အဆင့်(၃) မှ အဆင့်(၆) နေရာရ အသင်းလေးသင်းမှာ Play-Off ဆီမီးဖိုင်နယ်၊ Play-Off ဖိုင်နယ်များအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပြီး တစ်သင်းသာ တန်းတက်ခွင့်ရရှိခြင်းဖြစ်သည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် Play-Off ဆီမီးဖိုင်နယ်တွင် အယုတ္တရယူနိုက်တက်အသင်းကို ပထမအကျော့၌(၁-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့တွင်(၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် Play-Off ဖိုင်နယ်အဖြစ် နာခွန်ဆီအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။

လွင်မိုးအောင်သည်  ထိုင်းလိဂ်-၂ ကလပ် ရရောင်းအသင်းထံသို့ ၂၀၂၂ ခုနှစ်ကတည်းက ရောက်ရှိနေသူဖြစ်ပြီး အသင်း၏ အမာခံကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။

လွင်မိုးအောင်သည် ရရောင်းအသင်းအတွက် နှစ်ရာသီပေါင်း ပြိုင်ပွဲစုံ(၆၅) ပွဲ ကစားပေးထားပြီး သွင်းဂိုး (၂၀) ဂိုးအထိ သွင်းယူပေးထားကြောင်း သိရသည်။

 

Most Read

Most Recent