■ လာမည့်ရာသီ၌ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု မိုက်ကယ်အိုဝင် ခန့်မှန်း     

■ လာမည့်ရာသီ၌ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု မိုက်ကယ်အိုဝင် ခန့်မှန်း     
Published 9 August 2024

လီဗာပူးလ်နှင့် မန်ယူအသင်း၏ ကစားသမားဟောင်း မိုက်ကယ်အိုဝင်က လာမည့်ရာသီတွင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။

    

မိုက်ကယ်အိုဝင်သည် ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းမှုပြုလုပ်ခဲ့ရာ နံပါတ်(၁)နေရာကို အာဆင်နယ်အသင်း ရရှိမည်ဖြစ်ပြီး လီဗာပူးလ်က ဒုတိယ၊ အက်စတွန်ဗီလာအသင်းက တတိယရရှိပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ စတုတ္ထနေရာသာရရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။ 

မိုက်ကယ်အိုဝင်(၄၄ နှစ်)သည် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်၊ နယူးကာဆယ်၊ မန်ယူနှင့် စတုတ်စီးတီးအသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းတွင်လည်း သွားရောက်ကစားခဲ့ဖူးသူဖြစ်သည်။ 

လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ဂိုးသွင်း ဘုရင်ဆု နှစ်ကြိမ်ရရှိခဲ့ဖူးသလို၊ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု တစ်ကြိမ် ရရှိခဲ့ဖူး သည့် မိုက်ကယ်အိုဝင်က "ကျွန်တော့်အမြင်ကတော့ မန်စီးတီးအသင်း ချန်ပီယံဆု မရနိုင်ပါဘူး။ အာဆင်နယ်က နံပါတ်တစ်၊ လီဗာပူးလ်က ဒုတိယ၊ အက်စတွန်ဗီလာက တတိယ၊ မန်စီးတီးက စတုတ္ထရလိမ့်မယ်လို့ ထင်ပါတယ်။ အက်စတွန်ဗီလာက ကျစ်လျစ်မာကျောသလို တိုးတက်မှုလည်း ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

လောင်းကစားကုမ္ပဏီများကမူ မန်စီးတီး ချန်ပီယံဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။