တစ်ရာသီစာလက်မှတ်စျေးနှုန်း မြှင့်တင်ခဲ့ခြင်းအတွက် အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးပရိသတ်အချို့ ဆန္ဒပြခဲ့ကြပြီး ခေါင်းပုံဖြတ်မှုများ ရပ်တန့်ပေးရန်တောင်းဆို

တစ်ရာသီစာလက်မှတ်စျေးနှုန်း မြှင့်တင်ခဲ့ခြင်းအတွက် အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးပရိသတ်အချို့ ဆန္ဒပြခဲ့ကြပြီး ခေါင်းပုံဖြတ်မှုများ ရပ်တန့်ပေးရန်တောင်းဆို
Photo: X
Photo: X
Published 1 April 2024

မန်စီးတီးအသင်း၏ ပရိသတ်အချို့သည် အသင်းက လာမည့်ရာသီအတွက် တစ်ရာသီစာလက်မှတ်စျေးနှုန်းကို မြှင့်တင်ခဲ့ခြင်းအတွက် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် လာမည့် ၂၀၂၄-၂၅ ရာသီ၌ တစ်ရာသီစာလက်မှတ်စျေးနှုန်းကို ပျမ်းမျှ(၅)ရာခိုင်နှုန်းဝန်းကျင် တိုးမြှင့်သွားမည်ဖြစ်ကြောင်း မတ်လအစောပိုင်းတွင် အသိပေးကြေညာခဲ့သည်။

ကြားကာလတွင် နိုင်ငံတကာရက်သတ္တပတ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ခေတ္တရပ်နားထားသည့်အတွက် ယခုတစ်ပတ် ယှဉ်ပြိုင်သည့်ပွဲမှာ လက်မှတ်စျေးနှုန်း တိုးမြှင့်ကြောင်း ကြေညာပြီးနောက် ပထမဆုံးယှဉ်ပြိုင်ကစားရသည့် အိမ်ကွင်းပွဲစဉ်ဖြစ်သည်။

ထို့ကြောင့် မန်စီးတီးအသင်း၏ ပရိသတ်အချို့က ဆန္ဒပြမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး The 1894 Group ဟု အမည်ရသည့် ပရိသတ်အဖွဲ့ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် စံချိန်တင်ဝင်ငွေရရှိပြီး အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့သော်လည်း လက်မှတ်စျေးနှုန်း မြှင့်တင်ခဲ့ခြင်းအတွက် ပရိသတ်အများစုက ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

အာဆင်နယ်နှင့်ပွဲတွင် စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လုံခြုံရေးတာဝန်ရှိသူများက ပွဲမစမီ အဆိုပါစာတန်းကို ဖယ်ရှားပစ်ခဲ့ကြောင်း သိရသည်။

ထိုစာတန်းတွင် ရေးသားထားသည်မှာ ''စံချိန်တင်အမြတ်တွေ ဒါပေမဲ့ စံချိန်တင်စျေးနှုန်းတွေ။ ငါတို့ရဲ့ သစ္စာတရားကို ခေါင်းပုံဖြတ်နေတာ ရပ်တန့်ပါ'' ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ယခုကဲ့သို့ လက်မှတ်စျေးနှုန်း မြှင့်တင်ရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့၏ တစ်ရာသီစာ လက်မှတ်စျေးနှုန်းမှာ ပရီးမီးယားလိဂ်တွင် တန်ဖိုးအကြီးဆုံး(၅)သင်းစာရင်းထဲ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ တစ်ရာသီစာ လက်မှတ်စျေးနှုန်းအမြင့်ဆုံးအဖြစ် ရပ်တည်နေသည့်အသင်းမှာ ဖူလ်ဟမ်အသင်းဖြစ်ပြီး ၎င်းတို့၏ တန်ဖိုးအကြီးဆုံးတစ်ရာသီစာလက်မှတ်မှာ ပေါင်(၃၀၀၀)ဖြစ်ကြောင်း သိရသည်။

စပါးအသင်းက (၂၀၂၅)ပေါင်ဖြင့် ဒုတိယနေရာ၊ အာဆင်နယ်အသင်းက (၁၇၈၄)ပေါင်ဖြင့် တတိယနေရာ၊ နယူးကာဆယ်အသင်းက (၁၁၀၈)ပေါင်ဖြင့် စတုတ္ထနေရာ၊ ဝက်စ်ဟမ်းအသင်းက (၁၁၀၅)ပေါင်ဖြင့် ပဥ္စမနေရာတွင် ရှိနေပြီး မန်စီးတီးအသင်းက (၁၀၃၀)ပေါင်ဖြင့် ဆဋ္ဌမနေရာတွင်သာ ရပ်တည်နေကြောင်း သိရသည်။

တစ်ရာသီစာ လက်မှတ်များကို ပွဲကြည့်စင်အနေအထားပေါ်မူတည်ကာ အတန်းအစားအမျိုးမျိုး ခွဲခြားရောင်းချခြင်းဖြစ်သောကြောင့် အနိမ့်ဆုံးအတန်းတွင်မူ မန်စီးတီးအသင်း၏ တစ်ရာသီစာလက်မှတ်မှာ (၃၈၅)ပေါင်သာရှိကြောင်းလည်း သိရသည်။

အာဆင်နယ်အသင်းက အနိမ့်ဆုံးအတန်းတွင်ပင် (၉၇၄)ပေါင်ဖြင့် ရောင်းချခြင်းဖြစ်သည့်အတွက် အနိမ့်ဆုံးအတန်းမှ တစ်ရာသီစာလက်မှတ်စျေးနှုန်း အမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် အထွေထွေအသုံးစရိတ်များ ပိုမိုမြင့်တက်လာသည်ဟူသော အကြောင်းပြချက်ဖြင့် လက်မှတ်စျေးနှုန်းများကို နှစ်စဉ်မြှင့်တင်လျက်ရှိသည်။ 

Most Read

Most Recent