■ လီဗာပူးလ်နှင့်ပွဲအတွက် အာရုံစိုက်နေသည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

■ လီဗာပူးလ်နှင့်ပွဲအတွက် အာရုံစိုက်နေသည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် တနင်္ဂနွေနေ့တွင် ကစားမည့် လီဗာပူးလ်နှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အတွက် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။ 

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် လီဗာပူးလ်အသင်းက ရမှတ် (၆၃) မှတ်ဖြင့် အဆင့် (၁) နေရာ၌ ရပ်တည်နေပြီး မန်စီးတီးအသင်းက ရမှတ် (၆၂) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။ 

၎င်းတို့နှစ်သင်းသည် မတ်လ (၁၀) ရက်(တနင်္ဂနွေနေ့)တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်တွေ့ဆုံနေပြီး ယင်းပွဲတွင် အနိုင်ရသည့်အသင်းက အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်ခွင့်ရမည်ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကိုပင်ဟေဂင်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ဒီဘရိုင်းနား၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗား၊ ဝေါ်လ်ကာစသည့် ကစားသမားများကို လုံးဝအသုံးမပြုဘဲ အနားပေးခဲ့သလို ရိုဒရီ၊ ဂျွန်စတုန်းစ်၊ ဒီယက်ဇ်၊ ဟာလန်းတို့ကိုလည်း အချိန်ပိုင်းသာအသုံးပြုခဲ့ပြီး တနင်္ဂနွေနေ့တွင်ကစားရမည့် လီဗာပူးလ်နှင့်ပွဲအတွက် အနားပေးထားခြင်းဖြစ်ကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

"ဒီနေ့ပွဲအတွက် စွမ်းအင်တွေ၊ လတ်ဆတ်တဲ့ခြေထောက်တွေ ကျွန်တော် လိုအပ်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော့် ကစားသမားတချို့ ဘယ်လောက်အထိ ပင်ပန်းနွမ်းနယ်နေတယ်ဆိုတာ သိပါတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ ကစားရဦးမှာပါ။ အဲဒါကြောင့် ခြေထောက်တွေက လန်းဆန်းနေဖို့ လိုပါတယ်။ ဆုဖလားတွေရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရဖို့ ကျွန်တော်တို့ ကစားသမားအားလုံးလိုအပ်ပါတယ်။ ကျွန်တော်တို့က ဥရောပရဲ့ အကောင်းဆုံး (၈)သင်းစာရင်းထဲမှာ နောက်ထပ်တစ်နှစ် ပါဝင်ခွင့်ရခဲ့ပါပြီ။ ပြိုင်ပွဲအားလုံးမှာ ပါဝင်ခွင့်ရနေသေးတဲ့အတွက် မယုံနိုင်လောက်အောင် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ ဆက်ရှိနေတုန်းပါပဲ"ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent