စစ်တုရင်ဂရင်းမာစတာတစ်ဦးကို အနိုင်ကစားနိုင်သည့် အသက်အငယ်ဆုံးအဖြစ် (၈)နှစ်ကျော်သာရှိသေးသည့် စင်ကာပူကလေးငယ် စံချိန်သစ်တင်

စစ်တုရင်ဂရင်းမာစတာတစ်ဦးကို အနိုင်ကစားနိုင်သည့် အသက်အငယ်ဆုံးအဖြစ် (၈)နှစ်ကျော်သာရှိသေးသည့် စင်ကာပူကလေးငယ် စံချိန်သစ်တင်
Photo: X
Photo: X
Published 24 February 2024

 

အသက်(၈)နှစ်ကျော်သာရှိသူ စင်ကာပူကလေးငယ် အက်ရှ်ဝါကူရှစ်သည် ဂရင်းမာစတာတစ်ဦးကို အနိုုင်ကစားနိုင်သည့် အသက်အငယ်ဆုံး စစ်တုရင်သမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် Burgdorfer Stadthaus အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ကူရှစ် က အသက်(၃၇)နှစ်အရွယ်ရှိ ပိုလန် ဂရင်းမာစတာ ယာဆက်စတိုပါကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ကူရှစ်သည် မကြာသေးမီက ဆားဘီးယားကလေးငယ် လီယိုနစ်အီဗန်နိုဗစ် တင်ရှိထားသော ဂရင်းမာစတာကို အသက်(၉) နှစ်အောက်ဖြင့် အနိုင်ကစားနိုင်သည့် ပထမဆုံးစစ်တုရင်သမားမှတ်တမ်းကို ထပ်မံကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ 

အီဗန်နိုဗစ်သည် ဖေဖော်ဝါရီလ(၁၂)ရက်က စံချိန်တင်ခဲ့ရာတွင် အသက်(၈)နှစ်၊ (၁၁)လ၊ (၇) ရက်ရှိခဲ့ပြီး ယခုအခါ ကူရှစ်က (၈)နှစ်၊ (၆)လ၊ (၁၁)ရက်ဖြင့် စံချိန်သစ် ထပ်တင်ခဲ့သည်။ စစ်တုရင်သမိုင်းတစ်လျှောက် ဂရင်းမာစတာတစ်ဦးကို အသက်(၁၀)နှစ်နှင့်အောက်ဖြင့် အနိုင်ယူနိုင်သူမှာလည်း ကူရှစ်နှင့် အီဗန်နိုဗစ်အပါအဝင် (၈)ဦးသာရှိကြောင်း သိရသည်။ 

ကူရှစ်ကို အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့ကာ လွန်ခဲ့သည့်(၆)နှစ်ကမှ မိသားစုနှင့်အတူ စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး အိန္ဒိယနိုင်ငံသားအဖြစ်ရှိနေသော်လည်း နိုင်ငံတကာအဆင့်တွင် စင်ကာပူကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ကူရှစ်အနေဖြင့် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်၏သတ်မှတ်ချက်၌ အဆင့်(၃၇၃၃၈) နေရာတွင် ရှိနေသည်။

Most Read

Most Recent