စစ်အတွင်းက အဓမ္မအလုပ်စေခိုင်းမှုနှင့်ပတ်သက်၍ ဂျပန်ကုမ္ပဏီထံမှ နစ်နာကြေးရယူမှုအတွက် တောင်ကိုရီးယားသံအမတ်ကို ဂျပန် ဆင့်ခေါ်

စစ်အတွင်းက အဓမ္မအလုပ်စေခိုင်းမှုနှင့်ပတ်သက်၍ ဂျပန်ကုမ္ပဏီထံမှ နစ်နာကြေးရယူမှုအတွက် တောင်ကိုရီးယားသံအမတ်ကို ဂျပန် ဆင့်ခေါ်
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိကို တွေ့ရစဉ် (Photo:Reuters)
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိကို တွေ့ရစဉ် (Photo:Reuters)
Published 22 February 2024

စစ်အတွင်းက အဓမ္မအလုပ်စေခိုင်းမှုနှင့်ပတ်သက်၍ ဂျပန်ကုမ္ပဏီတစ်ခုက နစ်နာကြေးပေးချေရမှုကို ကန့်ကွက်ရန် ဖေဖော်ဝါ ရီ ၂၁ ရက်တွင် ဂျပန်က တောင်ကိုရီးယားသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

၁၉၁၀ မှ ၁၉၄၅ ခုနှစ်ထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ကိုလိုနီပြုအုပ်ချုပ်ခဲ့စဉ်က ရက်ရက်စက်စက် ပြုမူခဲ့သည့် ခါးသီးသော အတိတ်သမိုင်းကြောင့် ဂျပန်နှင့်တောင် ကိုရီးယားတို့၏ ဆက်ဆံရေးကို ကာလကြာ မြင့်စွာ ဂယက်ရိုက်ခဲ့သည်။

သို့သော် တောင်ကိုရီးယားတွင် သမ္မတယွန်းဆော့ယို၏ ကွန်ဆာဗေးတစ်အစိုးရ အာဏာရလာပြီးနောက် ဂျပန်နှင့် ဆက်ဆံရေးတိုးတက်လာခဲ့သည်။ ဂျပန်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘဲ နစ်နာကြေးပေးမည့် အစီ အစဉ်တစ်ရပ်ကို သမ္မတယွန်းက ပြီးခဲ့သည့် နှစ်ထဲတွင် ကြေညာခဲ့သည်။

မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှု ကြီးထွားလာစဉ် သမ္မတယွန်းသည် အတိတ်ကရန်ငြိုးများကို ပြည်ဖုံးကားချပြီး ဂျပန်နှင့်ပူးပေါင်း၍ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော် စစ်အတွင်းက အဓမ္မအလုပ်စေခိုင်းခံရသည့် တောင်ကိုရီးယား နိုင်ငံသားများကို ဂျပန်ကုမ္ပဏီနှစ်ခုက နစ်နာကြေးပေးရန် အောက်တရားရုံးများက အမိန့်ချမှုကို တောင်ကိုရီးယား၏ အမြင့်ဆုံးတရားရုံးက  ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။ ယင်းဆုံး ဖြတ်ချက်ကို ဂျပန်နိုင်ငံဘက်က ချက်ချင်းကန့်ကွက်ခဲ့သည်။

စစ်အတွင်းက အဓမ္မအလုပ်စေခိုင်းခံရမှုအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်သင်္ဘောကုမ္ပဏီ Hitachi Zosen နှင့် ဖြစ်ပွားခဲ့သော အမှုတွင် အနိုင်ရခဲ့သည့် တောင်ကိုရီးယားမှ နစ်နာသူတစ်ဦးသည် ယခုသီတင်းပတ် တွင် ၎င်းကုမ္ပဏီထံမှ နစ်နာကြေးငွေ လက်ခံရရှိခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယား၏ အမြင့်ဆုံးတရားရုံးက နစ်နာသူအား ဝမ်သန်း ၅၀ (ဒေါ်လာ ၃၇,၅၀၀) ပေးအပ်ရန် Hitachi Zosen ကုမ္ပဏီကို အမိန့်ချပြီးနောက် ဆိုးလ်မြို့ရှိ တရားရုံးတစ်ရုံးထံ အဆိုပါကုမ္ပဏီက အပ်နှံထားသည့် နစ်နာကြေးကို ပြန်ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

အဓမ္မအလုပ်စေခိုင်းမှု ပြဿနာကို ၁၉၆၅ ခုနှစ် သဘောတူညီချက်ဖြင့် ကျေလည်အောင် ဖြေရှင်းခဲ့သည်ဟု ယူဆထားသည့် ဂျပန်ကမူ ယင်းနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် ယွန်ဒေါက်မင်ကို  ဆင့်ခေါ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု ဂျပန်အစိုးရ၏ ထိပ်တန်းပြောခွင့်ရ ယိုရှိမာဆာဟာယာရှိက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသို့ နစ်နာကြေး ပြန်လည်ရယူခြင်းသည် ဂျပန်ကုမ္ပဏီတစ်ခုအတွက် အခွင့်အရေး မမျှမတဖြစ်စေပြီး ၁၉၆၅ ခုနှစ် သဘောတူညီချက်ကို ထင်ထင်ရှားရှား ချိုးဖောက်နေသည်ဟုလည်း ဟာယာရှိက ဆိုသည်။

၁၉၁၀ မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယား ကျွန်းဆွယ်ကို ဂျပန်တို့ အုပ်ချုပ်ခဲ့စဉ်က ကိုရီးယားလူမျိုး ၇၈၀,၀၀၀ ခန့်သည် အဓမ္မအလုပ်စေခိုင်းခြင်း ခံခဲ့ရသည်ဟု တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည့် အချက်အလက်များ အရ သိရသည်။ ထို့အပြင် သောင်းနှင့်ချီသည့် ကိုရီးယားအမျိုးသမီးများကို ဂျပန်စစ်တပ်က လိင်ဖျော်ဖြေမယ်များအဖြစ် အတင်းအကျပ် စေခိုင်းခဲ့သည်။

ဂျပန်ကမူ နစ်နာကြေးအဖြစ် ထောက်ပံ့ငွေနှင့် အတိုးနှုန်းသက်သာသည့် ချေးငွေ ဒေါ်လာသန်း ၈၀၀ ပေးချေမှု ပါဝင်သော ၁၉၆၅ သဘောတူညီချက်အရ နစ်နာသူများသည်  တရားစွဲခွင့်မရှိတော့ဟု ဆိုသည်။         Ref:AFP

Most Read

Most Recent