ထိုင်းနိုင်ငံ ချွန်ဘူရီမြို့တွင် ဆိုင်ကယ်နှင့် ဘတ်စ်ကား တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူ မြန်မာလုပ်သားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့တွင် ဆိုင်ကယ်နှင့် ဘတ်စ်ကား တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူ မြန်မာလုပ်သားတစ်ဦး သေဆုံး
Published 12 February 2024

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ချွန်ဘူရီမြို့မှ ဘန်ကောက်မြို့သို့ မောင်းနှင်လာသော ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဘဲ လားရာတူမှ ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ မြန်မာလုပ်သားသေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီပြည်နယ် ချွန်ဘူရီမြို့ ဘိုင်ဖတ်လိယန့်မူယန်င်ချွန်ဘူရီ လမ်းအတိုင်း ဘန်ကောက်မြို့သို့ ဦးတည်မောင်းနှင်သော ဘတ်စ်ကားသည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ဆိုင်ကယ်၏ဘေးပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီဖြစ်စဉ်က ဘန်ကောက်မြို့ကို ချွန်ဘူရီက မောင်းနှင်လာတဲ့ ဘတ်စကားက ဝင်တိုက်မိတာဖြစ်ပါတယ်။ ဖြစ်စဉ်က အရှေ့မှာ လားရာတူဆိုင်ကယ် မောင်းနှင်နေတဲ့မြန်မာလုပ်သားကို ဘတ်စ်ကားက ဝင်တိုက်တာဖြစ်တဲ့အတွက် အသက်ဖိုးဘတ်ငွေ ငါးသိန်းကနေ ၁၅ သိန်းကြား စာရွက်စာတမ်းခိုင်မာရင် ခိုင်မာသလို၊ လူ့အခွင့်ရေး ရှေ့နေတွေက လိုက်အားကောင်းရင်ကောင်းသလို၊ ကိုယ့်မြန်မာအသိုင်းအဝိုင်းကလည်း ဘက်ပေါင်းစုံက ၀ိုင်းရံအားကောင်းရင် ကောင်းသလို အသက်ဖိုးလျော်ကြေးကို တိတိကျကျရရှိမှာဖြစ်ပါတယ်။ ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ။ သေဆုံးသွားတဲ့ မြန်မာလုပ်သားရဲ့ စာရွက်စာတမ်းခိုင်မာမှုပေါ် မူတည်ပြီးတော့ ချွန်ဘူရီမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းက  HRDF လို့ခေါ်တဲ့ ထိုင်းလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းကြောင်းတစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးကို လမ်းကြောင်းတစ်ကြောင်းနဲ့ ဆက်သွယ်ပြီး သင်္ဂြိုဟ်စရိတ် ဘတ် ၂၀၀၀၀ နဲ့ အသက်ဖိုးလျော်ကြေးရရှိအောင်ထိကို ဘက်ပေါင်းစုံက သိုင်းဝိုင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား၏ အလောင်းအား တိုင်ခွန်နထမ်လူမှုကယ်ဆေးရေးအဖွဲ့က ချွန်ဘူရီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent