ONE Friday Fights 52 ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္ပဏီအားကစားရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားနှစ်ဦးဖြစ်သည့် စိုးလင်းဦးနှင့် သန့်ဇင်တို့ပွဲများပါဝင်နေကြောင်း သိရသည်။
ONE Friday Fights 52 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၃ ဆိုင်းပါဝင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားနှစ်ဦးစလုံးမှာ မွေထိုင်းပွဲများအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ပွဲစဉ်(၂) တွင် ဂျပန်နိုင်ငံသား မွေထိုင်းဖိုက်တာ ဆူဟာရှီနှင့်လည်းကောင်း၊ သန့်ဇင်သည် ပွဲစဉ်(၅) တွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဂျိုင်ဆင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် ဘန်ကောက်မြို့ရှိ လုမ္ပဏီအားကစားရုံ၌ အပတ်စဉ် သောကြာနေ့တိုင်း မွေထိုင်းကစားနည်းကို အဓိကထား၍ ONE Friday Fights အမည်ဖြင့် ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
ONE Friday Fights ၏ မွေထိုင်းပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
သို့သော် ONE Friday Fights ပြိုင်ပွဲများတွင် မြန်မာကစားသမားနှစ်ဦးကို တပြိုင်တည်းအသုံးပြုသည်မှာ ယခုအခါ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ONE Championship အဖွဲ့အစည်းသည် မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ONE Friday Fights 50 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရန်စီစဉ်ခဲ့သော်လည်း ပြိုင်ဘက်ကစားသမားဖြစ်သူ အီတလီနိုင်ငံသား မွေထိုင်းဖိုက်တာမှာ ဒဏ်ရာအကြောင်းပြ၍ နုတ်ထွက်သွားခဲ့သည်။
ထို့ ကြောင့် ONE Championship အဖွဲ့အစည်းသည် မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးပွဲကို ယခု ONE Friday Fights 52 ပြိုင်ပွဲတွင် ပြန်လည်ထည့်သွင်းကျင်းပလားခြင်း ဖြစ်သည်။
စိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဂျပန်နိုင်ငံသား မွေထိုင်းဖိုက်တာ ဆူဟာရှီသည် အသက်(၃၀) ရှိပြီဖြစ်ပြီး အရပ်(၅) ပေ (၁၀) လက်မရှိကာ ပရော်ဖက်ရှင်နယ် မွေထိုင်းပွဲ (၇) ပွဲထိုးသတ်ထားရာ (၃) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
စိုးလင်းဦးသည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ စောဂရော နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရထားသည်။
သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဂျိုင်ဆင်းသည် အသက်(၂၈) ရှိပြီဖြစ်ပြီး အရပ်(၅) ပေ (၅) လက်မရှိကာ ပရော်ဖက်ရှင်နယ် မွေထိုင်းပွဲ (၃) ပွဲထိုးသတ်ထားရာ (၂) ပွဲနိုင်၊ (၁) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
စိုးလင်းဦးနှင့် သန့်ဇင်တို့ နှစ်ဦးစလုံးသည် ONE Championship က ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။















