ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လူနှစ်ဦးကို မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ထွက်ပေါ်လာ

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လူနှစ်ဦးကို မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ထွက်ပေါ်လာ
Published 7 February 2024

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လူနှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခုသည် လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

အွန်လိုင်းမီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လက် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်း အရင်းအမြစ်အချို့အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေး အဖွဲ့ဝင်များအား PDF များက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် အရှင်ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ဝေချက်ရှိသည့် ရုပ်သံဖိုင်၌ သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF များဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းအချင်းများကြောင့် အချင်းချင်းစိတ်သဘောထား မတိုက်ဆိုင်သဖြင့် ၎င်းတို့အချင်းချင်း ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေး အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီးရိုက်ကူးထားသည့် ရုပ်သံဖိုင် တစ်ခုသာဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။

PDF များအနေဖြင့် ၎င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူများနှင့် ၎င်းတို့အလိုကိုလိုက်၍ လိုက်ပါဆောင်ရွက်ခြင်း မရှိသူများအား အကြောက်တရားများ လွှမ်းမိုးစေရန် အများပြည်သူများရှေ့မှောက်၌ တာယာကွင်းစွပ်၍ မီးရှို့သတ်ဖြတ်ခြင်း၊ လည်လှီးသတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များအား ကျူးလွန်လျက်ရှိသည်ကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်နေရကြောင်း နစက က ထုတ်ပြန်ထားသည်။

PDF များ၏ အထက်ပါကဲ့သို့သော လုပ်ရပ်များ  လုပ်ဆောင်နေမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့်အသွင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် အချို့သော မီဒီယာများက အချိန်အခါကိုက် သတင်းတုသတင်းမှားများအား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။