တော်ဝင်အသရေဖျက်မှုဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများကို ရပ်တန့်ရန် Move Forward ပါတီကို ထိုင်းဖွဲ့စည်းပုံခုံရုံး အမိန့်ချ

တော်ဝင်အသရေဖျက်မှုဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများကို ရပ်တန့်ရန် Move Forward ပါတီကို ထိုင်းဖွဲ့စည်းပုံခုံရုံး အမိန့်ချ
ဇန်နဝါရီ ၃၁ ရက်က Move Forward ပါတီလွှတ်တော်အမတ် ပီတာလင်ဂျာရွန်ရတ်(ဝဲ)နှင့်ပါတီအထွေထွေအတွင်းရေးမှူး ချိုင်တာဝပ် တူလာသွန်း(ယာ) တို့ကို ထိုင်းလွှတ်တော်၌ တွေ့ရစဉ်(Photo:AFP)
ဇန်နဝါရီ ၃၁ ရက်က Move Forward ပါတီလွှတ်တော်အမတ် ပီတာလင်ဂျာရွန်ရတ်(ဝဲ)နှင့်ပါတီအထွေထွေအတွင်းရေးမှူး ချိုင်တာဝပ် တူလာသွန်း(ယာ) တို့ကို ထိုင်းလွှတ်တော်၌ တွေ့ရစဉ်(Photo:AFP)
Published 1 February 2024

ပြီးခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရခဲ့သည့် Move Forward (ရှေ့သို့ချီ) ပါတီအား တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်မည့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းကို အဆုံးသတ်ရန်နှင့် ယင်းမူဝါဒသည် တရားဝင်မှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ထိပ်တန်းတရားရုံးတစ်ရုံးက ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်ချခဲ့သည်။

ယမန်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward ပါတီသည် ဘုရင်နှင့် တော်ဝင်မိသားစုအား ဝေဖန်စော်ကားသူကို ထောင် ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် တော်ဝင် အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေးကို ၎င်းတို့၏ ပါတီလမ်းစဉ်တွင် ထည့်သွင်းထားသည်။

Move Forward ပါတီသည် ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်တပ်နှင့် စီးပွားရေးလက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုခဲ့ခြင်းကြောင့် သြဇာရှိ ရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီးနောက် ၎င်းပါတီသည် အစိုးရ ဖွဲ့မည့် ညွန့်ပေါင်းအုပ်စုမှ ဖယ်ထုတ်ခံခဲ့ရသည်။

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ကို တင်းတင်းကျပ်ကျပ် အကာကွယ်ပေးထားသည့် ဥပဒေအားပြင်ဆင်မည့် Move Forward ပါတီ၏ ရွေးကောက်ပွဲမဲဆွယ်ရေး ကတိသည် ဘုရင်စနစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသည့် သဘောသက်ရောက်သည်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်ချခဲ့သည်။

တော်ဝင်အသရေဖျက်မှု ဥပဒေပြင်ဆင်မည့် အစီအစဉ်သည် ဘုရင်စနစ်ကို ထိုင်းနိုင်ငံမှ ဖယ်ထုတ်မည့် ရည်ရွယ်ချက်ကို ပြသနေပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးအတွက် အကြီးအကျယ် အန္တရာယ်ပေးနိုင်သည်ဟုလည်း ၎င်းခုံရုံးက ဆိုသည်။

“ထိုင်းနိုင်ငံရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံစနစ်နဲ့ ကောင်းမွန်တဲ့ ကျင့်ဝတ်တွေကို ထိခိုက်စေတဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ ကျင့်သုံးခွင့်အပေါ် တားမြစ်ချက်တွေရှိတယ်”ဟု ဖွဲ့စည်းပုံခုံရုံးက ပြောကြားခဲ့သည်။

တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုများကို ချက်ချင်းရပ်တန့်ရန်လည်း ပီတာလင်ဂျာရွန်ရတ်နှင့် Move Forward ပါတီကို ခုံရုံးက အမိန့်ချခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ပီတာသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် Move Forward ပါတီကို ဦးဆောင်ခဲ့သူဖြစ်သည်။

ပီတာသည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူး ပြန်လည်အပ်နှင်းခဲ့ပြီးနောက် ပီတာ သည် ပြီးခဲ့သည့်သီတင်းပတ်တွင် လွှတ်တော်ထဲသို့ ပြန်ရောက်လာခဲ့သည်။

ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက်မချမီကပင် ဝန်ကြီးချုပ်ရာထူးအတွက် ထပ်မံကြိုးစားမည်ဟု ပီတာက အခိုင်အမာပြောဆိုခဲ့သည်။

Move Forward ပါတီ၏ ရှေ့ပြေးပါတီအဖြစ် ဖွဲ့စည်းခဲ့ပြီး တရားရုံး၏အမိန့်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် Future Forward (အနာဂတ်ရှေ့သို့ချီ) ပါတီခေါင်းဆောင်ဟောင်း ထာနာသွန်းကမူ တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးသင့်သည်ဟု ဖွဲ့စည်းပုံခုံရုံး၏ ဆုံးဖြတ်ချက်မတိုင်မီတွင် ပြောကြားခဲ့သည်။

တော်ဝင်အသရေဖျက်မှု ဥပဒေသည် ထိုင်းလူ့အဖွဲ့အစည်းတွင် အလွန်ကြည်ညို လေးစားခံပုဂ္ဂိုလ်ဖြစ်သည့် ဘုရင်ကို အကာအကွယ်ပေးရန် ရည်ရွယ်သည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင်း ယင်းဥပဒေကို ကျယ် ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုကာ တော်ဝင်မိသားစုကို ဝေဖန်လှောင်ပြောင်ခြင်းမှ ကာကွယ်ရန် ကျင့်သုံးခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။

Facebook လူမှုကွန်ရက်တွင် ဘုရင်စနစ်ကို စော်ကားမှုဟု ယူဆခံရသော ပို့စ်များ တင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမျိုးသားတစ်ဦး ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံခဲ့ရသည်။              Ref:AFP

Most Read

Most Recent