လီဗာပူးလ်အသင်း နည်းပြသစ်ခန့်အပ်ရန် အကြံညဏ်ပေးမည်မဟုတ်ကြောင်း ယာဂန်ကလော့ပ် အတည်ပြု

လီဗာပူးလ်အသင်း နည်းပြသစ်ခန့်အပ်ရန် အကြံညဏ်ပေးမည်မဟုတ်ကြောင်း ယာဂန်ကလော့ပ် အတည်ပြု
Photo: X
Photo: X
Published 28 January 2024

 

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်က ၎င်းင်းနေရာအစားထိုးမည့် နည်းပြသစ်ခန့်အပ်ရန် အကြံညဏ်ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ဂျာမနီနိုင်ငံသားနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။ ကလော့ပ်နှင့် လီဗာပူးလ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅-၂၀၂၆ ရာသီကုန်အထိ ကျန်ရှိနေသော်လည်း နှစ်နှစ်အလိုမှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နည်းပြသစ်ခန့်အပ်ရာတွင် အကြံညဏ် ပေးဖြစ်မလားဟု မေးမြန်းမှုအပေါ် ကလော့ပ်က "မလုပ်ပါဘူး။ ကျွန်တော်က ဘာလို့လုပ်ရမှာလဲ။ ထွက်သွားတော့မယ့် အဘိုးအိုတစ်ဦးဆီက သူတို့လိုအပ်တဲ့ နောက်ဆုံးအကြံညဏ် ပေးပါဆိုရင် အဲဒီသူကို ခေါ်လာခဲ့ပါ လို့ ပြောမှာပါ။ အကြံပေးတာမျိုး ကျွန်တော်လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ထင်မြင်ချက်အများစုကို ခင်ဗျားသိပါတယ်။ ကျွန်တော် အကုန် မပြောရသေးပေမဲ့ အများစုကိုလည်း ခင်ဗျား ယုံကြည်မှာ မဟုတ်ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။ ဒီအသင်းရဲ့ အနာဂတ် အရမ်းအရမ်းကို အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အခုတော့ ကျွန်တော်ရှိနေတုန်းပဲဖြစ်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်မှာပါ။ ဒီကမ္ဘာကြီးမှာ အထူးသဖြင့် ဘောလုံးလောကမှာ ခင်ဗျားတွေ့ဖူးတဲ့မျက်နှာတွေက နည်းနည်းပဲရှိပါတယ်။ အချိန်အများစုက အသင်းရဲ့မန်နေဂျာကို တွေ့နေရတယ်။ အမှုဆောင်ချုပ် ဘီလီဟိုဂန်လိုမျိုး ဒါမှမဟုတ် မယုံနိုင်လောက်စရာ အလုပ်လုပ်နေတဲ့သူတွေကို မကြာခဏမြင်ရမှာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းက အဲဒီလို လည်ပတ်နေတာပါ။ အလုပ်တွေအားလုံးကို ကျွန်တော်လုပ်နေသလို ထင်ရပေမဲ့ ကျွန်တော်မလုပ်နိုင်သလို လုပ်လည်းမလုပ်ပါဘူး။ ဆိုလိုတာက လွန်ခဲ့တဲ့ ရှစ်နှစ်ခွဲအတွင်း ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ အရာအားလုံးက မြင်ကွင်းနောက်ကွယ် မှာ မယုံနိုင်လောက်အောင် ခိုင်မာတဲ့တည်ဆောက်မှုတစ်ခုဖြစ်တာကြောင့် အရာအားလုံး လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။ ဒါက သတင်းကောင်းပါပဲ။ အဲဒါက ကျွန်တော် ထွက်ခွာဖြစ်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ကျွန်တော့်တာဝန်က အရမ်းကြီးပါတယ်။ ကျွန်တော့်စိတ်ကူးက အရာအားလုံးကို ကူညီဖို့၊ ဒီအသင်း ပိုအားကောင်းလာဖို့ပါပဲ။ ကျွန်တော်တို့က ပြီးပြည့်စုံအောင်မလုပ်ဘဲ တတ်နိုင်သမျှ ကောင်းအောင်လုပ်ပါတယ်။ ဒီမှာ အလုပ်လုပ်နေသူ အများကြီးမှာ ရည်ရွယ်ချက်က တစ်ခုတည်းရှိပါတယ်။ အဲဒါက လီဗာပူးလ်အတွက် အကောင်းဆုံးအဖြေတစ်ခု ရှာတွေ့ဖို့ပါ။ အဲဒီလိုဖြစ်လာမယ်လို့ ကျွန်တော် သေချာပေါက်ယုံကြည်ပါတယ်" ဟု ဖြေကြားခဲ့သည်။

နည်းပြသစ်ရာထူးအတွက် ရေပန်းစားနေသူများစာရင်းကို ဗြိတိန်သတင်းဌာနများ အပါအဝင် လောင်းကစားကုမ္ပဏီများကလည်း အလေးပေးမှုထုတ်ပြန်လျက်ရှိပြီး ၎င်းတို့အနက် လီဗာပူးလ်ကစားသမားဟောင်း ဖြစ်သည့် လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုက ၈/၁၁ ဖြင့် ရေပန်းအစားဆုံးဖြစ် နေကြောင်း သိရသည်။ ၎င်း၏နောက်တွင် ဘရိုက်တန်အသင်းနည်းပြ ဒီဇယ်ဘီက ၁၇/၂၊ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သည့် အယ်လ်အစ်တီဖာအသင်း နည်းပြ စတီဗင်ဂျရတ်က ၁၁/၁၊ ဂျာမနီ လက်ရွေးစင်အသင်းနည်းပြ နာဂယ်စမန်းက ၁၁/၁၊ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ၁၄/၁ သတ်မှတ်ခံထားရသည်။

လီဗာပူးလ်အသင်း နည်းပြရာထူးအတွက် ရေပန်းစားနေခြင်းအပေါ် အလွန်ဆိုက "ပထမဆုံးအနေနဲ့ပြောရရင် ဒီကြေညာချက်က အံ့အားသင့်စရာဖြစ်ရတယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ ဒီမှာ အရမ်းပျော်နေပါတယ်။ နေ့စဉ်နေ့တိုင်း စိန်ခေါ်မှုတစ်ခုလို့ ခံစားရတယ်။ တစ်ပွဲချင်းစီက စိန်ခေါ်မှုဖြစ်ပြီး ကျွန်တော်တို့က ပြင်းထန်ပြီး လှပတဲ့ခရီးကို ရောက်နေပါတယ်။ နောက်လာမယ့်အရာတွေအတွက် အဆင်သင့်ဖြစ် အောင် ကူညီပေးဖို့ အကောင်းဆုံးကြိုးစားနေပြီး အဲဒါက ကျွန်တော့်ရည်မှန်းချက်ပါပဲ။ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

Most Read

Most Recent