■ ၂၀၂၂-၂၀၂၃ ရာသီတွင် ဝင်ငွေအကောင်းဆုံးဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်း ရပ်တည်     

■ ၂၀၂၂-၂၀၂၃ ရာသီတွင် ဝင်ငွေအကောင်းဆုံးဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်း ရပ်တည်     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

၂၀၂၂-၂၀၂၃ ရာသီတွင် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းအဖြစ် ဖလားသုံးလုံးချန်ပီယံ မန်စီးတီးအသင်းကို ကျော်ဖြတ်၍ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို (၈၃၁)သန်းဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

    

ယင်းစာရင်းကို ကမ္ဘာ့ထိပ်တန်းစာရင်းအင်းကုမ္ပဏီ (၄)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဗြိတိန်အခြေစိုက် Deloitte ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၂-၂၀၂၃ ရာသီ လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုလွဲချော်ခဲ့ပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌သာ ဗိုလ်စွဲခဲ့သော်လည်း အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေအဖြစ် ယူရို (၈၃၁) သန်းရရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဝင်ငွေထက် ယူရို (၁၁၈)သန်း မြင့်တက်လာသည်။ 

ထို့ကြောင့် ၎င်းတို့အနေဖြင့် Deloitte ၏ ဝင်ငွေအကောင်းဆုံးစာရင်းတွင် ၂၀၁၇- ၂၀၁၈ ရာသီနောက်ပိုင်း ထိပ်ဆုံးနေရာသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

    

ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့သည့် မန်စီးတီးအသင်းမှာလည်း စံချိန်တင်အဖြစ် ယူရို (၈၂၆)သန်း ရရှိခဲ့သည်။ 

သို့သော် ယခင်နှစ် ရာသီဆက်တိုက် ထိပ်ဆုံးနေရာတွင် ဦးဆောင်နိုင်ခဲ့သည့် မန်စီးတီးအသင်းမှာ ယူရို (၅)သန်းအကွာဖြင့် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ 

၎င်းတို့၏နောက်တွင် PSG အသင်းက ယူရို (၈၀၂) သန်း၊  ဘာစီလိုနာအသင်းက ယူရိုသန်း (၈၀၀)၊ မန်ယူအသင်းက ယူရို (၇၄၆) သန်း၊ ဘိုင်ယန်မြူးနစ်အသင်းက ယူရို (၇၄၄) သန်း၊ လီဗာပူးလ်အသင်းက ယူရို (၆၈၃) သန်း၊ စပါးအသင်းက ယူရို (၆၃၂) သန်း၊ ချယ်လ်ဆီးအသင်းက ယူရို (၅၈၉) သန်း၊ အာဆင်နယ်အသင်းက ယူရို (၅၃၃) သန်းဖြင့် အစဉ်လိုက်ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၂၀) စာရင်း တွင် ဂျူဗင်တပ်စ်၊ ဒေါ့မွန်၊ အေစီမီလန်၊ အင်တာမီလန်၊ အက်သလက်တီကို၊ ဖရန့်ဖတ်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ နာပိုလီ၊ မာဆေးလ်အသင်းတို့လည်း ပါဝင်ခဲ့သည်။

    

ဝင်ငွေအကောင်းဆုံး ကလပ်အသင်း (၂၀) ၏ ဝင်ငွေစုစုပေါင်းမှာ ယူရို (၁၀.၅) ဘီလီယံဖြစ်ပြီး ယခင်ရာသီ ထက် (၁၄) ရာခိုင်နှုန်းမြင့်တက်လာကာ စီးပွားရေးစာချုပ်များမှအသင်း (၂၀) ပေါင်း ရရှိသည့်ဝင်ငွေမှာ ယူရို (၄.၄) ဘီလီယံနှင့် ကွင်းဝင်ကြေးမှ ယူရို (၁. ၉) ဘီလီယံ စံချိန်တင်ရရှိခဲ့သည်။

    

ဝင်ငွေအကောင်းဆုံး အမျိုးသမီးအသင်းများစာရင်းတွင်မူ ဘာစီလိုနာအသင်းက ပေါင် (၁၁.၆) သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။ မန်ယူအမျိုးသမီးအသင်းက ပေါင် (၇)သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ယင်းမှာ ဝတ်စုံစပွန်ဆာစာချုပ်တွင် အမျိုးသားအသင်းနှင့် ပူးတွဲချုပ်ဆိုထားသည့် စာချုပ်ကြောင့်ဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent