UEC ဥက္ကဋ္ဌပြောတဲ့ ရွေးကောက်ပွဲပြင်ဆင်နေမှုနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေ 

UEC ဥက္ကဋ္ဌပြောတဲ့ ရွေးကောက်ပွဲပြင်ဆင်နေမှုနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေ 
Published 21 January 2024

■ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် 

ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့ပါတယ်။ 

ဒီလိုတွေ့ဆုံရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ 

အကြံပြုချက်စာတမ်းတွေကို ဖတ်ကြားခြင်းနဲ့ ပါတီဆိုင်ရာလုပ်ငန်းကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဖို့လည်း ဖြစ်ပါတယ်။ 

အဲဒီအခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ 

UEC ဥက္ကဋ္ဌ ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အချိုးကျကိုယ်စားပြုစနစ်ဖြစ်တဲ့ PR စနစ်ကိစ္စ၊ မဲစာရင်းကိစ္စနဲ့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်း ဖွင့်လှစ်မှုကိစ္စတွေကို ပြောကြားသွားတာ တွေ့ရပါတယ်။ 



''PR စနစ်ကိစ္စ''

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ယခင်နိုင်ငံရေးပါတီတွေနဲ့ ၂၀၂၁ ခုနှစ်တုန်းက လေးကြိမ်၊ ယခု မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေနဲ့ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီဖြစ်တယ်လို့ UEC ဥက္ကဋ္ဌက ပြောပါတယ်။ 

လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ သဘောတူညီချက်ရရှိခဲ့တဲ့အတွက် PR စနစ်ကို အသုံးပြုသွားမယ်လို့ UEC က ၂၀၂၂ ခုနှစ် ကတည်းက ထုတ်ပြန်ပြောဆိုထားတာပါ။

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့  နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်း အပါအဝင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့အလိုက် ဆောင်ရွက်ခဲ့ပြီးပြီလို့လည်း UEC က ဆိုထားပါတယ်။ 

PR စနစ်ကို ကျင့်သုံးရာမှာ မဲဆန္ဒရှင်တွေ လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ဖို့အတွက် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Close List PR) ကို ကျင့်သုံးမယ်လို့ UEC က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

သို့သော် လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်ကို ပြောင်းလဲကျင့်သုံးမှာဖြစ်ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေတွေမှာ သတ်မှတ်ထားတဲ့ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ပေးရမယ့် ကိုယ်စားလှယ်ဦးရေ အရေအတွက်ကိုတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ UEC က ထုတ်ပြန်ထားပါတယ်။ 

လာမယ့်ရွေးကောက်ပွဲတွေကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ကျင်းပမှာဖြစ်လို့ အဲဒီစနစ်နဲ့ ကိုက်ညီတဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ UEC ဥက္ကဋ္ဌက ဆိုပါတယ်။ 

"ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ကျင်းပရာမှာ စနစ်နဲ့ကိုက်ညီတဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်" လို့ UEC ဥက္ကဋ္ဌက ပြောပါတယ်။ 

''မဲစာရင်းကိစ္စ''

"မဲစာရင်းတွေ ပြည့်စုံမှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါတယ်" လို့  UEC ဥက္ကဋ္ဌက ပြောပါတယ်။ 

မဲစာရင်းပြုစုရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုတဲ့ လူဦးရေစာရင်းနဲ့ လဝက၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ လူဦးရေစာရင်းကို အခြေခံထားတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။ 

မဲစာရင်းပြုစုရာမှာ အခြေခံရမယ့် စာရင်းများဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားတဲ့စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်ကျေးရွာအလိုက်ကောက်ယူထားတဲ့ မြေပြင်လူဦးရေစာရင်းတို့ကိ်ု ဦးစွာတိုက်ဆိုင်စစ်ဆေးတယ်လို့ UEC က ပြောပါတယ်။

ဒီလို တိုက်ဆိုင်စစ်ဆေးပြီးဖြစ်တဲ့ အခြေခံလူဦးရေစာရင်းများကို ရယူပြီး ကနဦးမဲဆန္ဒရှင်စာရင်း စိစစ်ခြင်းစနစ်၊ IVLS အသုံးပြုစိစစ်ခြင်းနဲ့ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများဆီ ပေးပို့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

သက်ဆိုင်ရာဝန်ကြီးဌာနများက မြေပြင်စိစစ်အတည်ပြုပြီး ပြန်လည်ပေးပို့လာတဲ့ စာရင််းများကိုရယူကာ လစဉ် Up Date  ပြုလုပ်နေတဲ့အတွက် မှန်ကန်ပြည့်စုံတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ရရှိအောင် ဆောင်ရွက်နေတယ်လို့ UEC က ဆိုပါတယ်။

ဒီလို မဲစာရင်းတွေ ပြည့်စုံမှန်ကန်ရေး စိစစ်ရာမှာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ်တွေကို ပါဝင်‌ဆောင်ရွက်ခွင့်ပြုမှာဖြစ်တယ်လို့ UEC ဥက္ကဋ္ဌက ပြောပါတယ်။  

လက်ရှိမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးတဲ့ မြို့နယ်အချို့ရှိနေပြီး ဒါဟာ မဲစာရင်းကောက်ယူတဲ့ တာဝန်ရှိသူတွေကို အနှောင့်အယှက်ပေးတာကြောင့် ကောက်ယူမှု မပြုနိုင်သေးတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့လည်း မဲစာရင်း အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ််လို့ နစကဘက်က အခိုင်အမာ ဆိုထားပါတယ်။ 

ဒါ့အပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူမှာ ဖြစ်ပါတယ်။ 

ဒီလို ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး လူဦးရေစာရင်း ထွက်လာတဲ့အခါ မဲစာရင်းပြုစုနိုင်မယ်လို့ နစကဥက္ကဋ္ဌက ပြောကြားထားတာ ရှိပါတယ်။ 

''နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်း ဖွင့်လှစ်မှုကိစ္စ''

လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနေသလို မှတ်ပုံတင်ခွင့်ရရှိ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားစာရင်းတွေကလည်း စိစစ်ခြင်းလုပ်ငန်းတွေကို တစ်ပြိုင်တည်း ပြုလုပ်နေပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နဲ့ အသစ်တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၆၅ ပါတီရှိပြီး ၄၇ ပါတီကို UEC က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်အထိ UEC က မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီအနက် နောက်ဆုံးခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီကတော့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီပဲ ဖြစ်ပါတယ်။ 

UEC က နိုင်ငံရေးပါတီ ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ နိုဝင်ဘာ ၂၂ ရက်က မြိုတိုင်းရင်းသားပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းခဲ့တာကြောင့် ၄၅ ပါတီသာ ကျန်ရှိပါတယ်။ 

တစ်ဖက်မှာလည်း UEC အနေနဲ့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ သတ်မှတ်ပါတီဝင်အင်အားစာရင်းတွေနဲ့ပတ်သက်လို့ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ဖို့ ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်ကစပြီး ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့တာပါ။

ထူးခြားချက်အဖြစ် UEC က မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားတွေ ပါဝင်နေတဲ့အပြင် ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ UEC က ထုတ်ပြန်လာပါတယ်။ 

နိုင်ငံရေးပါတီတွေက ပေးပို့တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းကို UEC က MMPPS Software နဲ့ စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဆီ ‌ပေးပို့ပြီး အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က ပူးပေါင်းပြီး မြေပြင်အခြေအနေနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေတင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ မရှိသူများ၊ အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ အစရှိတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ပါတီဝင်အင်အားတွေအပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိတဲ့ ပါတီဝင်များ ပါဝင်နေတာကို တွေ့ရတယ်လို့ UEC က ဆိုပါတယ်။ 

ဒါနဲ့ပတ်သက်လို့ UEC ဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ သတ်မှတ်ပါတီဝင်အင်အားကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် စည်းရုံးဖို့ ပြောပါတယ်။ 

ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကက တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေကို သက်ဆိုင်ရာဌာနတွေ၊ ပါတီတာဝန်ခံ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စိစစ်ရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မပြည့်စုံသူတွေ၊ အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ထပ်နေသူတွေ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နဲ့ အမည်ကွဲလွဲသူတွေ၊ မြို့နယ်ကုတ် လွဲမှားနေသူတွ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူတွေ၊ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ မရှိသူတွေ အစရှိတဲ့ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားစာရင်းတွေကို သက်ဆိုင်ရာပါတီတွေဆီ ပေးပို့ပြီး သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး သတ်မှတ်ရက်အရောက် ပြန်လည် စိစစ်ပြင်ဆင်ပေးပို့ရေး အကြောင်းကြားခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။  

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၉၀ ပြည့်တဲ့ နိုင်ငံရေးပါတီ ၃၅ ပါတီအနက် ၂၈ ပါတီကသာ သတ်မှတ်အင်အားပြည့်မီနေတာကို တွေ့ရပြီး ပါတီရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့လည်း ရက်ပေါင်း ၁၈၀ ပြည့်ပြီးတဲ့ နိုင်ငံရေးပါတီ ၃၂ ပါတီအနက် ၁၉ ပါတီကသာ သတ်မှတ်ချက်နဲ့အညီ ရုံးခန်းဖွင့်လှစ်ထားတာကို တွေ့ရတယ်လို့ UEC က ထုတ်ပြန်ပါတယ်။ 

"ဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားစာရင်းတွေကို ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နဲ့ သက်ဆိုင်ရာဌာနတွေက စိစစ်ချက်ရှိရာမှာ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြစေလိုပါတယ်" လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ 

နစကက နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နဲ့ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

ဥပဒေအဟောင်းနဲ့ အသစ်ကို ယှဉ်ကြည့်ရင် ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့် ပါတီဝင်အင်အားက အဆ ၁၀၀ ကွာနေတာကို တွေ့ရမှာပါ။ နောက်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့်ပါတီဝင်အင်အားကို နှစ်ဆမြှင့်ထားပါတယ်။ 

ဒါကြောင့်လည်း UEC က ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေ တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့သူတွေ ပါဝင်နေတာဟာ နစကက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့်လားလို့ နိုင်ငံရေးလေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။ 

မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေတင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းမှာ ဥပဒေနဲ့အညီ နေထိုင်သူစာရင်းမှာ မရှိသူများ၊ အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ အစရှိတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ပါတီဝင်အင်အားတွေအပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိတဲ့ ပါတီဝင်များ ပါဝင်နေတာကို တွေ့ရတဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ ပါ အရည်အချင်းနဲ့ ကိုက်ညီသူကိုသာ ပါတီဝင်အဖြစ်စည်းရုံးဖို့ UEC က တိုက်တွန်းထားပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ မှာ ပါတီဝင်အဖြစ် စည်းရုံးရမယ့်သူကို သတ်မှတ်ရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊ သောင်းကျန်းသူအဖွဲ့အစည်း ဒါမှမဟုတ် မတရားအသင်းအဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူ မဟုတ်ခြင်း၊ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ခြင်း၊ တခြားနိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင်မဟုတ်ခြင်းနဲ့ ပုဒ်မ ၆ ပါအချက်များကို စောင့်ထိန်းလိုက်နာသူဖြစ်ခြင်း စတဲ့အချက်တွေ ပြဋ္ဌာန်းထားပါတယ်။ 

လက်ရှိမှာ UEC က မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၁၃ အရ ပါတီဝင်အင်အားစာရင်းကို UEC ထံ တင်ပြနေရတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၁၃ မှာ နိုင်ငံရေးပါတီတစ်ခုဟာ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါ အနည်းဆုံးပါတီဝင်အရေအတွက်ကို သတ်မှတ်ရက်အတွင်း စည်းရုံးရရှိပြီးကြောင်း UEC ဆီ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ဒီလိုတင်ပြပြီးနောက်ပိုင်း နိုင်ငံရေးပါတီရဲ့ ပါတီဝင်အရေအတွက်ဟာ သတ်မှတ်ထားတဲ့ အနည်းဆုံးပါတီဝင်အရေအတွက်အောက် လျော့နည်းသွားရင် ရက်ပေါင်း ၉၀ အတွင်း ပြည့်မှီအောင် ဆောင်ရွက်ရပါမယ်။ 

ပါတီအနေနဲ့ ဆောင်ရွက်ခြင်း မပြုနိုင်ရင်တော့ UEC က အဲဒီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်မှာဖြစ်ပြီး ပါတီကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ကော်မရှင်အနေနဲ့ ပါတီအားလုံး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိစေဖို့ ဥပဒေနဲ့အညီ အချိန်ပေးပြီး စိတ်ရှည်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေတာကြောင့် ပါတီဝင်အင်အား ပြည့်မီရေး အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။

"နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေ စည်းရုံးခြင်းနဲ့ ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေနှင့်အညီ တိကျစွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန်လိုပါတယ်" လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေအတွက် ခေါင်းခဲရတဲ့ အခြေအနေပါ။

ဘာကြောင့်လဲဆိုတော့ မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားတွေ ပါဝင်နေတဲ့အပြင် ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ UEC က ထုတ်ပြန်ထားတဲ့အတွက် တကယ်လို့သာ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားတဲ့ အနည်းဆုံးပါတီဝင်အရေအတွက် မပြည့်ခဲ့ရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ခံရမှာဖြစ်သလို ပါတီကိုလည်း ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာပဲ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပါတီဝင်စာရင်း တင်ပြနိုင်ခြင်းမရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ နိုဝင်ဘာ ၂၀ ရက်မှ UEC က ထုတ်ပြန်ပါတယ်။ 

UEC အနေနဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ 

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ဦးကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်တဲ့အပြင်  ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်ပြဖို့ အကြောင်းကြားခဲ့ပေမဲ့ တင်ပြနိုင်မှုမရှိတာကြောင့် ဖျက်သိမ်းခံရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် UEC အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လိုက်နာနိုင်ခြင်း မရှိတဲ့ ဘယ်နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ပြီး ထပ်မံဖျက်သိမ်းသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent