၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းမှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၆၂၈၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိလာ 

၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းမှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၆၂၈၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိလာ 
Published 16 January 2024

၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းမှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၆၂၈၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်သည်။

၂၀၂၃ခုနှစ်သည် နိုင်ငံအနှံ့အပြားတွင် ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်ပမာဏ၊ နေရာအနှံ့ ပိုမိုပျံ့နှံ့လာသော အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများနှင့် ကုန်ဆုံးခဲ့ကြောင်း UNOCHA က ဆိုသည်။ 

 

၂၀၂၃ခုနှစ် အောက်တိုဘာလကုန်မှစတင်၍ တိုက်ပွဲများပြင်းထန်လာမှုသည် နှစ်လကျော်ကြာ ဆက်လက်တည်ရှိနေပြီး ယင်းကျယ်ပြန့်လာသောတိုက်ပွဲများသည် ၂၀၂၁ ခုနှစ်အစောပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက ပမာဏအကြီးဆုံးဖြစ်သကဲ့သို့ မြေပြင်ပထဝီဝင်အနေအထားအရ အကျယ်ပြန့်ဆုံးလည်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၂ ဒသမ ၆ သန်းကျော် ထွက်ပြေးရမည်ဟု ခန့်မှန်းရပြီး အောက်တိုဘာလကုန်ကစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ခန့်မှန်းခြေ လူပေါင်း ၆၂၈,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာအဟန့်အတားများကို ကြီးမားစွာ ရင်ဆိုင်နေရကြောင်း၊ ၂၀၂၃ခုနှစ် အောက်တိုဘာလကုန် ပဋိပက္ခများပြင်းထန်လာကတည်းက အထူးသဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြံ့ကြာမှုအဟန့်အတား များပြားသောဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ကူညီခွင့် ရရှိရန် တိုက်တွန်းဆော်ဩမှုများ ဆက်လက်ဆောင်ရွက်နေကြောင်းကိုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၃ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများသည် နိုင်ငံအတွင်း ဆက်လက်တည်ရှိ၍ ပထမ ကိုးလအတွင်း လူဦးရေ ၂ ဒသမ ၈ သန်းအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ပြီး နှစ်ကုန်တွင် လူဦးရေ ၃ ဒသမ ၁ သန်းကို ကူညီထောက်ပံ့နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော် ယင်းအကူအညီပေးအပ်မှုများသည် ရန်ပုံငွေမပြည့်မီမှုကြောင့် လိုအပ်ချက်များကိုတုံ့ပြန်ဆောင်ရွက်ရာတွင် နဂိုမူလစီစဉ်ထားသည့်အတိုင်း ပြည့်ဝစွာမဆောင်ရွက်နိုင်ပဲ ၎င်းလိုအပ်ချက်မပြည့်မီမှုများသည် ၂၀၂၄ခုနှစ်အတွင်းသို့ ထပ်လောင်းပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

၂၀၂၃ခုနှစ် မြန်မာလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်သည် ၂၀၂၃ခုနှစ်အတွင်း တောင်းခံထားသောရန်ပုံငွေ၏ ၃၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် ရန်ပုံငွေ လိုအပ်ခဲ့ကြောင်း၊ ၂၀၂၄ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP) ထွက်ရှိခဲ့ပြီးဖြစ်ကာ အကူအညီလိုအပ်သူ လူဦးရေ ၁၈ ဒသမ ၆ သန်းခန့် စံချိန်တင်ရှိကြောင်း ဖော်ထုတ်တင်ပြထားကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါကိန်းဂဏန်းမှာ ၂၀၂၃ခုနှစ်တွင် အကူအညီလိုအပ်သော လူဦးရေ ၁၇ ဒသမ ၆ သန်းမှ တိုးမြင့်လာခြင်းဖြစ်ပြီး လိုအပ်ချက်မြင့်တက်လာတာသည်နှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေးကူညီသွားရန် လျာထားကာ ၎င်းအကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်နေသေးကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော အကျပ်အတည်းသည် အမေ့လျော့ခံအရေးအပေါ်အခြေအနေ ဖြစ်လာပြီး အဆိုပါအခြေအနေသည် ၂၀၂၄ခုနှစ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ချက်ချင်းနှင့် ရေရှည်ရရှိရန် လိုအပ်သကဲ့သို့ အရပ်သားပြည်သူများ၏ ဒုက္ခဆင်းရဲများကို လျော့ပါးစေရန်နှင့် လူမှုဘဝကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သောရန်ပုံငွေများကို မြှင့်တင်နိုင်ရန်လည်း လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent