အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့် ဥက္ကဋ္ဌ ဖြစ်လာသည်။
၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီးတာဝန်ယူဆောင်ရွက်ခဲ့သည်။
ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့လက်ထက်တွင် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားလက်ထက်တို့တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် မြန်မာ့အရေးကိစ္စသည် လာအိုနိုင်ငံအပေါ် ကျရောက်၍လာခဲ့သည်။
လာအိုနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် တာဝန်ယူရသော်လည်း မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားသည့် နိုင်ငံမဟုတ်သောကြောင့် မြန်မာ့အရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတကာအရေး လေ့လာသူများက သုံးသပ်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည်။
ယင်းအထူးအစည်းအဝေးသို့ အာဆီယံဒေသတွင်း ခေါင်းဆောင်များနည်းတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးရပ်ကို ရရှိခဲ့သည်။
အဆိုပါအချက်ငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများ ပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များ ဖြစ်သည်။
ယခုကဲ့သို့ ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်နီးပါးရှိလာသော်လည်း မည်သည့်အချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးသည့်အတွက် အာဆီယံ၏လုပ်ဆောင်မှုများအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ထိုသို့ ဝေဖန်မှုများမြင့်တက်လာသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူချိန် နောက်ဆုံးကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ နည်းဗျူဟာသစ်တစ်ခုကို အာဆီယံခေါင်းဆောင်များက ချမှတ်ခဲ့ကြသည်။
''အာဆီယံ၏ နည်းဗျူဟာအသစ်''
မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် သုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားသည်။
သုံးနိုင်ငံဟုဆိုရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်အလှည့်ကျဥက္ကဋ္ဌတို့က ပူးပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘မြန်မာ့အခြေအနေကို တစ်နှစ်အတွင်း ပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက် သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။
အဆိုပါဆုံးဖြတ်ချက်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုပုံစံအသစ်ဖြစ်ပြီး မြန်မာ့အရေးကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လာအိုနိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အာဆီယံချဉ်းကပ်မှုပုံစံသစ်အရ ယခုနှစ်တွင်မူ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က မြန်မာ့အရေးကို ပူးတွဲကိုင်တွယ်ရမည်ဖြစ်သည်။
စက်တင်ဘာ ၇ ရက်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံက လာအိုနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် အလှည့်ကျဥက္ကဋ္ဌသင်္ကေတဖြစ်သည့် တူအသေးလေးကို လာအိုဝန်ကြီးချုပ်ထံ အင်ဒိုနီးရှားသမ္မတက ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တရားဝင်စတင်ထမ်းဆောင်ခဲ့သည်။
''အာဆီယံအထူးကိုယ်စားလှယ်သစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်''
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာသည့် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun ကို ဇန်နဝါရီ ၁ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်လာသူ Mr. Alounkeo Kittikhoun သည် လာအိုနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၎င်းအား အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးပြီး ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့သည်။
Mr. Alounkeo Kittikhoun အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ နိုင်ငံရေးပါတီမှတ်ပုံတင်ကျပြီးသားဖြစ်သော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တွေ့ဆုံခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးမျှော်မှန်းချက်နှင့် အမျိုးသားရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘော တူညီချက်ငါးရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ အာဆီယံတူညီဆန္ဒငါးချက် အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လက်ရှိပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ အာဆီယံတူညီဆန္ဒ ငါးရပ်အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့်လည်း ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံတူညီဆန္ဒ ငါးရပ်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဦးချင်းမိတ်ဆက်စကားများပြောကြားကာ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များကို ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၂ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံကျပြီးသားဖြစ်သော နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
''နည်းဗျူဟာအသစ်နဲ့ ချဉ်းကပ်မှာလား''
အာဆီယံခေါင်းဆောင်များအကြား သဘောတူညီမှုရရှိခဲ့သည့် မြန်မာ့အရေးကို အာဆီယံသုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် နည်းဗျူဟာအသစ်ကို ယခု အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံ လက်ထက်တွင် ကျင့်သုံးမည်လားဆိုသည်ကို နိုင်ငံတကာအရေး လေ့လာသူများက မေးခွန်းထုတ်နေကြသည်။
မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် သုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဟုဆိုရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်အလှည့်ကျဥက္ကဋ္ဌတို့က ပူးပေါင်းဖြေရှင်းခြင်းလည်း ဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ သက်တမ်းသည် တစ်နှစ်သာရှိသည့်အတွက် တစ်နှစ်အတွင်း မြန်မာ့အရေးကို မည်သို့မျှ ပြောင်းလဲအောင်လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ယင်းဗျူဟာအသစ်ကိုလုပ်ဆောင်ရန် အာဆီယံခေါင်းဆောင်များက သဘောတူခဲ့ကြခြင်းလည်း ဖြစ်သည်။
သို့သော် အဆိုပါသုံးနိုင်ငံအနေဖြင့် မြန်မာ့အရေးအပေါ် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်းမရှိပေ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ချဉ်းကပ်မှုပုံစံအသစ်သည် မြန်မာ့အရေးကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရသဖြင့် အာဆီယံချဉ်းကပ်မှုပုံစံသစ်အရ မြန်မာ့အရေးကို ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် လာအိုနိုင်ငံတို့က ယခုနှစ်ကုန်အထိ ပူးတွဲကိုင်တွယ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်နောက်ပိုင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် မြန်မာ့အရေးကို အတိုင်းအတာတစ်ခုရောက်အောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် အာဆီယံခေါင်းဆောင်အားလုံး သဘောတူညီခဲ့သည့် မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကျသည့် သုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် နည်းဗျူဟာအသစ်ဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက မည်မျှအထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို နိုင်ငံရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။