စွန့်ပစ်ပစ္စည်းများနှင့် ကမ္ဘာမြေကျန်းမာရေး 

စွန့်ပစ်ပစ္စည်းများနှင့် ကမ္ဘာမြေကျန်းမာရေး 
Published 14 January 2024
ဒေါက်တာလွင်သန့်

ကမ္ဘာမြေကြီးဟာ သက်တမ်းနှစ် ၂ ဒသမ ၄ ဘီလျံလောက်ကြာပြီလို့ဆိုတဲ့ အင်္ဂလန်ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း(Stephan Hawking) က ဆိုပါတယ်။ သူက ကိန်းဘရစ်တက္ကသိုလ်ကဖြစ်ပြီး ကမ္ဘာမြေသစ်ရှာဖွေဖို့တိုက်တွန်းခဲ့ဖူးပါတယ်။ ကမ္ဘာမြေကြီးက အိုမင်းလှပြီ။ ပေါက်ကွဲပျက်စီးတော့မယ်။ အင်္ဂါဂြိုဟ်မှာအခြေချဖို့ကြိုးစားကြရမယ်လို့ အကြံပြုထားခဲ့တယ်။

  ကမ္ဘာမြေကြီးမှာ စွန့်ပစ်ပစ္စည်းတွေက တစ်နေ့တခြားများလာနေတယ်။ လူအဖွဲ့အစည်းအတွင်း စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ ညစ်ညမ်းမှုကိုလျှော့ချခြင်းအတွက်အရေးပါတဲ့ကိစ္စပဲဖြစ်ပါတယ်။ ကုန်ကြမ်းအသစ်များ အသုံးပြုမှုကို လျှော့ချပေးလို့ စွမ်းအင်ချွေတာရာရောက်သလို ငွေကြေးနဲ့သဘာဝအရင်းအမြစ်တွေကို ချွေထာရာလည်း ရောက်ပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာများကြောင့်ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချပေးပါတယ်။ ဒါကြောင့် ယနေ့ကာလမှာ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုကိုမြှင့်တင်နိုင်ဖို့၊ အသုံးပြုမှုကိုလျှော့ချခြင်း ၊ပြန်လည်အသုံးပြုခြင်းနဲ့ အဟောင်းကိုပြန်လည်ပြုပြင်သုံးစွဲခြင်းဆိုတဲ့ လုပ်ငန်းစဉ်သုံးရပ်ဟာ ကမ္ဘာကြီးရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာမြေရဲ့လူဦးရေ ရှစ်ဘီလျံရှိလာပါတယ်။ ကမ္ဘာပေါ်ရှိ လူဦးရေသန်ပေါင်းများစွာထံမှ တစ်နှစ်ကိုအမှိုက်တန်ချိန် နှစ်ဘီလျံကျော်ထွက်ရှိနေပေမဲ့ ၃၃ ရာခိုင်နှုန်းဟာဘေးကင်းတဲ့နည်းလမ်းနဲ့စွန့်ပစ်ခြင်း မဟုတ်ပါဘူး။ အကျိုးဆက်အဖြစ် မြေဆီလွှာညစ်ညမ်းမှုနဲ့ အမှိုက်များကို မီးရှို့ခြင်းကြောင့ ်လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကမ္ဘာတစ်ဝန်းမှာန ှစ်စဉ်စွန့်ပစ်ခဲ့တဲ့ပစ္စည်းတွေဟာ စုစုပေါင်း တန်ချိန် ၂ ဒသမ ၁၂ ဘီလျံအထိရှိပါတယ်။ ပင်လယ်သမုဒ္ဒရာအားလုံးကိုစွန့်ပစ်ပလတ်စတစ်တန်ချိန်ပေါင်း နှစ်သိန်းခွဲခန့်ရှိကြောင်း သိရပါတယ်။ ပြန်လည်အသုံးပြုတဲ့ပစ္စည်းများ အရေအတွက်မှာ မပြောပလောက်တဲ့ပမာဏခန့်သာရှိပါတယ်။ ဖန်ပစ္စည်းကို လူ့အသုံးအဆောင်ပစ္စည်းဟာ တာရှည်ခံခြင်း၊ အရည်အသွေးပြောင်းလဲမှုမရှိခြင်းကြောင့် လူအများအနေနဲ့ ပလတ်စတစ်များနေရာမှာ အစားထိုးအသုံးပြုသင့်ပါတယ်။

ဖန်ဖုလင်းတစ်လုံးကိုပြန်လည်အသုံးပြုခြင်းဟာ ၁၀၀ ဝပ်မီးသီးကို လေးနာရီကြာထွန်းဖို့၊ ကွန်ပျူတာသုံးဖို့၊ မိနစ် ၃၀ သို့မဟုတ် တီဗွီတစ်လုံး မိနစ် ၂ဝကြာကြည့်ရူဖို့အတွက်လုံလောက်တဲ့စွမ်းအင်ကို သက်သာစေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်ပြန်လည်အသုံးပြုတဲ့ သတင်းစာတစ်တန်မှာ သစ်ပင် ၁၇ ပင်ဆုံးရှုံးမှုကိုကာကွယ်နိုင်လို့ သတင်းစာဟောင်းများနဲ့ မဂ္ဂဇင်းဟောင်းများကလည်း ပြန်လည်အသုံးပြုဖို့ အသင့်တော်ဆုံးပစ္စည်းများဖြစ်ပါတယ်။ စက္ကူပျော့ဖတ်မှ စက္ကူပြန်လုပ်နိုင်ပါတယ်။

 လက်ရှိမှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အကောင်းဆုံးနိုင်ငံများမှာ ဂျာမနီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှစကာ ကမ္ဘာပေါ်မှာ ပြန်လည်အသုံးပြုမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ အမှိုက်အားလုံးရဲ့ ၅၆ ဒသမ ၁ ရာခိုင်နှုန်းပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။ ဩစတြီးယားနိုင်ငံက ၅၃ ဒသမ ၈ ရာခိုင်နှုန်း၊ တောင်ကိုရီယားက ၅၃ ဒသမ ၇ ရာခိုင်နှုန်းတို့နဲ့ အသီးသီးရပ်တည်လျက်ရှိပါတယ်။

တူရကီနဲ့ချီလီတို့ဟာ စွန့်ပစ်ပစ္စည်းစုစုပေါင်းရဲ့တစ်ရာခိုင်နူန်းကိုသာ ပြန်လည်အသုံးပြုကြကြောင့်း အစီရင်ခံစာမှာ ဖော်ပြထားတယ်။ စီမံခန့်ခွဲညံ့ဖျင်းတဲ့စွန့်ပစ်အမှိုက်တွေဟာ ကမ္ဘာ့သမုန္ဒရာများကိုညစ်ညမ်းစေခြင်း၊ ရေမြောင်းများပိတ်ဆို့ခြင်း၊ ရေကြီးခြင်း၊ ကူးစက်ရောဂါဖြစ်ပွါးခြင်း၊ မီးရှို့မှုကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများတိုးပွါးလာခြင်း၊ အမှိုက်မှန်းမသိလိုက်ဘဲ စားသုံးမိတဲ့တိရစ္ဆာန်များကို အန္တရာယ်ရှိစေခြင်း စတဲ့ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ 

စွန့်ပစ်ပစ္စည်းတွေအပေါ် စနစ်တကျစီမံခန့်ခွဲရေးဟာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ အများပြည်သူတို့အနေနဲ့ ကိုယ့်အိမ်မှထွက်ရှိတဲ့စွန့်ပစ်ပစ္စည်းများကိုထွက်ရှိမှုနူန်းလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်အသုံးပြုခြင်းတို့ကို အလေးထားလုပ်ဖို့လိုအပ်လာပါတယ်။ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊တစ်လုံးဆွေးမြေဖို့ဆိုရင် ပျမ်းမျှနှစ်နဲ့ချီကြာရှည်ပါတယ်။ ယခုအခါ တရုတ်နိုင်ငံက ပလတ်စတစ်စားဗိုင်းရပ်များ တီထွင်နိုင်ခြင်းနည်းနဲ့ပလတ်စတစ်ကြွပ်ကြွပ်အိတ်တွေရဲ့အန္တရာယ်လို့တုံ့ပြန်တော့မှာဖြစ်ပါတယ်။

 လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်ဓာတ်ငွေ့ ပါရှိနှုန်းစံချိန်တင်များနေပါတယ်။ အမေရိကန်ဥရောပသမဂ္ဂနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ခံစားရလွယ်တဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံများပါဝင်တဲ့အနည်းဆုံးကမ္ဘာနိုင်ငံ ၈၀ တို့က ရုပ်ကြွင်းလောင်စာသုံးစွဲမှုအဆင့်ဆင့်လျှော့ချရပ်ဆိုင်းရေးသဘောတူညီချက်ရယူဖို့အတွက် (Cop-28) ညီလာခံကို ယူအေအီးနိုင်ငံအဆူဒါဘီမှာ ကျင်းပခဲ့ရာမှာ တောင်းဆိုခဲ့ကြပါတယ်။ 

မျက်မှောက်ကာလမှာနိုင်ငံအများအပြားဟာ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီသွေး စတဲ့ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုလွန်းလို ့လေထုအတွင်း ကာဗွန်ဓာတ်ငွေ့ပါရှိမှုနှုန်း စံချိန်တင်များပြားလာပါတယ်။ ပျမ်းမျှဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများဟာ စက္ကန့်တိုင်းမှာ တန်ချိန် ၁၇၀၀ ခန့်နဲ့ ယင်းနဲ့ပမာဏတူအခြားဓာတ်ငွေ့များကိုထုတ်လွှတ်နေပြီး ရုပ်ကြွင်းလောင်စာအသုံးပြုမှုအများဆုံးနိုင်ငံများ အစဉ်လိုက်မှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ ကနေဒါဂျာမနီနဲ့ အီရန်တို့ဖြစ်တယ်။

ညီလာခံကို တရုတ်သမ္မတရော၊ အမေရိကန်သမ္မတပါ မတက်ရောက်ခဲ့တာလည်း အမှတ်ရစရာပါ။ စွမ်းအင်နဲ့ သန့်စင်တဲ့လေထုဆိုင်ရာသုတေသနစင်တာ (CREA) နဲ့ဂလင်းပိစ် (Green peace) ရဲ့အရှေ့တောင်အာရှဆိုင်ရာအဖွဲ့တို့ရဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကထုတ်ပြန်တဲ့အစီရင်ခံစာအရ ရုပ်ကြွင်းလောင်စာတို့ကြောင့် ကမ္ဘာတစ်လွှားဖြစ်ပွါးရတဲ့ လေထုညစ်ညမ်းမှုတစ်ခုတည်းကြောင့် တစ်နေ့မှာ ဒေါ်လာရှစ်ဘီလျံ သို့မဟုတ် ကမ္ဘာစီးပွားရေးထုတ်လုပ်မှုရဲ့ အကြမ်းဖျင်း

၃၂ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါလောင်စာလောင်ကျွမ်းမှုတွေက ထွက်ပေါ်လာတဲ့ အမှုန်အမွှားတွေကြောင့် နှစ်စဉ်အချိန်မတိုင်မီသေဆုံးမှုအရေအတွက်ဟာ တရုတ်မှာ ၁ ဒသမ ၈ သန်း၊ အိန္ဒိယမှာတစ်သန်း အပါဝင်ကမ္ဘာတစ်ဝန်းသေဆုံးသူစုစုပေါင်း ၄ ဒသမ ၅ သန်းရှိကြောင်း သိရတယ်။

 ကုလသမဂ္ဂအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချနိုင်ရေးအတွက်နည်းလမ်းပေါင်းစုံနဲ့ အကောင်ထည်ဖော်နေပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအချို့ရဲ့စီးပွားရေးလောဘကြောင့် ကောင်းမွန်တဲ့ရလဒ်များထွက်ပေါ်လာဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ (Cop-28) ညီလာခံမှာ ပြန်လည်ပြည့်ဖွံ့ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးကို ရုပ်ကြွင်းလောင်စာအသုံးပြုမှုအများဆုံးနိုင်ငံအချို့က အလေးပေးထောက်ခံနေလင့်ကစား ရုပ်ကြွင်းလောင်စာသုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး တောင်းဆိုချက်ကိုမူ အတိအလင်းထောက်ခံခြင်းမရှိပါဘူး။

တစ်နေ့တခြား ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးအတွက်လုပ်ဆောင်ဖို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့မှတစ်ပါး အခြားမရှိပါဘူး။ ကမ္ဘာနိုင်ငံများအားလုံးနီးပါး လက်ခံထားတဲ့ ပါရီသဘောတူညီချက်အရ စက်မှုခေတ်မတိုင်မီကရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက် နှစ်ဒီဂရီမကျော်လွန်စေရေးနဲ့ ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီပိုပြီးမမြင့်တက်စေရေးအတွက်ကြိုးပမ်းဆောင်ရွက်ဖို့မှာရုပ်ကြွင်းလောင်စာများကိုလျှော့ချကာပြန်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးတက်ထုတ်လုပ်ရေးပဲဖြစ်ပါတယ်။

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုထိပ်သီးညီလာခံ (Cop-28) မှာရုပ်ကြွင်းလောင်စာသုံးစွဲမှုအဆင့်ဆင့်လျှော့ချရပ်ဆိုင်ရေးနဲ့ပတ်သက်လို့ ကမ္ဘာနိုင်ငံများကြားအငြင်းပွားခဲ့ကြပါတယ်။ ရေနံထုက်လုပ်တင်ပို့တဲ့နိုင်ငံများအသင်း (အိုပက်-OPEC) ရဲ့ပြင်းထန်တဲ့တန့်ကွက်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်။ (Cop-28) သဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေအနေနဲ့ အမျိုးသားရေးမူဝါဒများနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဌတို့မှတစ်ဆင့် သဘောတူညီချက်ကိုအကောင်ထည်ဖော်ရမှာဖြစ်တယ်။

ညီလာခံမှာ ရေနံသုံးစွဲမှုကိုအဆင့်ဆင့်လျှော့ချရေးအတွက်ခိုင်မာပြင်းထန်တဲ့ဝေါဟာရများ အသုံးပြုဖို့နိုင်ငံပေါင်း ၁၀၀ ကျော်က ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြပေမဲ့ ဆော်ဒီအာရေဗျဦးဆောင်တဲ့ရေနံထုတ်လုပ်တင်ပို့သူများအသင်း (OPEC) ရဲ့ပြင်းထန်တဲ့ကန့်ကွက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ညီလာခံမှာရရှိခဲ့တဲ့သဘောတူညီချက်ဟာ တစ်ချိန်ချိန်မှာ ရေနံခေတ်နိဂုံးချုပ်သွားနိုင်မှုကို ပြသနေတဲ့ ပထမဆုံးရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ဖြစ်လို့ကြိုဆိုရမှာဖြစ်ပါတယ်။

 ကမ္ဘာကြီးမှာ လူဦးရေတိုးပွားလာတာနဲ့အမျှ စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်ယန္တရားများမှ စွန့်ထုတ်တဲ့အခိုးအငွေ့တို့ကြောင့် ကမ္ဘာ့ရေထု၊ မြေထုနဲ့လေထုအားလုံးညစ်နွမ်းလျက်ရှိပါတယ်။ ရုပ်ကြွင်းလောင်စာတို့ကို လွန်ကဲစွာမှီခိုအသုံးပြုမှုကြောင့် ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များ၊ ကာဗွန်ဓာတ်ငွေ့များ၊ စီအက်ဖ်စီ(Chloro Fluoro- Carbon)ဓာတ်ငွေ့များ ထွက်ရှိကာ ကမ္ဘာ့အပူချိန်ကို မြင့်တက်စေပါတယ်။ ရေရှည်တည်တံ့ခိုင်မာမှုမရှိတဲ့ သစ်တောစီမံခန့်ခွဲမှုအခြားအသိတွေကြောင့်နေရာဒေသအနှံ့အပြားမှာ သဘာဝဘေးအန္တရာယ်များနဲ့ကြုံတွေ့နေရပြီး ဇီဝမျိုးစုံမျိုးတွဲနဲ့ဂေဟစနစ်များ ယိုယွင်းပျက်စီးလျက်ရှိပါတယ်။ ကမ္ဘာကြီးဟာ စွန့်ပစ်ပစ္စည်းများ၊ အပူများစတဲ့ ရာသီဥတုပြောင်းလဲမှုကိုစိတ်ပျက်အားလျော့ဖွယ်ရာအနေအထားနဲ့ခုခံနေရပါတယ်။ (Cop-28) ရဲ့သဘောတူညီချက်များကိုကြိုဆိုရမှာပဲဖြစ်ပါတယ်။  

Most Read

Most Recent