မြန်မာနိုင်ငံ ဘက်အသီးသီးက အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းကာ မြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရေး အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

မြန်မာနိုင်ငံ ဘက်အသီးသီးက အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းကာ မြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရေး အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား
Published 12 January 2024

မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရေး အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Global Times သတင်းဌာန၏ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးအပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊  စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိစီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးစီစဉ်မှု စသည့်အခြားကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်လည်း အထောက်အကူပြုကြောင်း၊  မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲမှုကို သေချာစွာအကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အစွမ်းကုန် ထိန်းသိမ်းစွာလုပ်ဆောင်၍ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် အတူတကွ တွန်းအားပေးဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံက ယင်းအတွက် တတ်စွမ်းသမျှကူညီပံ့ပိုးမှုများ ပြုလုပ်ကာ အပြုသဘောဆောင်သည့်အခန်းကဏ္ဍဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း Mao Ning’s က ပြောကြားသည်။

Most Read

Most Recent