ချယ်လ်ဆီးအသင်းသည် နာပိုလီအသင်းမှ အိုဆင်မန်အပါဝင် တိုက်စစ်မှူး (၅)ဦးကို ပစ်မှတ်ထားနေပြီး ပေါင်သန်း (၁၀၀)အထက် ခေါ်ယူမှု ထပ်မံပြုလုပ်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက်တွင် အပြောင်းအရွှေ့စျေးကွက်(၃)ခု ဖြတ်သန်းခဲ့ရာ၌ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင်(၁)ဘီလီယံကျော် အသုံံးပြုခဲ့ပြီးဖြစ်သည်။
သို့သော် အသင်း၏ တိုက်စစ်ပိုင်းမှာ အားရစရာမရှိသေးသည့်အတွက် နည်းပြ ပိုချက်တီနိုက တိုက်စစ်မှူးသစ် ထပ်မံခေါ်ယူရန် ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူများကလည်း လိုက်လျောပေးဖွယ်ရှိကြောင်း သိရသည်။
ယင်းအတွက် ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး (၅)ဦးကို ပစ်မှတ်ထားလျက်ရှိရာ နံပါတ်တစ် ပထမဦးစားပေးတိုက်စစ်မှူးမှာ နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ဖြစ်ကြောင်း သိရသည်။
အိုဆင်မန်သည် ပြီးခဲ့သည့်လအတွင်း နာပိုလီအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ပေါင်သန်း(၁၂၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသည့်အတွက် ယင်းပမာဏကို သုံးစွဲနိုင်ပါက အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိနေသည်။
ချယ်လ်ဆီးအသင်းသည် အိုဆင်မန်အပြင် ဂျူဗင်တပ်စ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်၊ စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဂျီယိုကီရက်စ်၊ လေဗာကူဆင်အသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်၊ ဘရိုက်တန်အသင်းမှ အိုင်ယာလန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်တို့ကိုလည်း လျာထားစာရင်းတွင် ထည့်သွင်းထားသည်။
အဆိုပါကစားသမားများအနက် အိုဆင်မန်က ပုံရိပ်အမြင့်မားဆုံးနှင့် တန်ဖိုးအကြီးဆုံးဖြစ်နေသော်လည်း ကျန်ကစားသမားများကိုလည်း စျေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ဖွယ်မရှိကြောင်း သိရသည်။
စျေးကွက်အခြေအနေအရ တိုက်စစ်ကစားသမားများ၏ တန်ဖိုးမြင့်မားနေမှုနှင့် ချယ်လ်ဆီးအသင်း၏ ငွေသုံးနိုင်စွမ်းရှိမှုတို့ကြောင့် အဆိုပါကစားသမားများ၏ အသင်းများက စျေးခေါ်ဖွယ်ရှိနေကြောင်းလည်း The Sun က သုံးသပ်ခဲ့သည်။ အိုဆင်မန်ကို အရခေါ်ယူဖွယ် ရှိသည်ဟုလည်း ထင်ကြေးပေးခဲ့သည်။















