■ ဆန်ချိုအား ရာသီဝက်အငှားခေါ်ယူခြင်းအတွက် ဒေါ့မွန်အသင်း ယူရို (၄)သန်းသာ ပေးချေရမည်

■ ဆန်ချိုအား ရာသီဝက်အငှားခေါ်ယူခြင်းအတွက် ဒေါ့မွန်အသင်း ယူရို (၄)သန်းသာ ပေးချေရမည်
Photo: Getty Images
Photo: Getty Images
Published 12 January 2024

ဒေါ့မွန်အသင်းအနေဖြင့် ကစားသမားဟောင်းဖြစ်သူ ဆန်ချိုကို ရာသီဝက်အငှားဖြင့် ပြန်လည်ခေါ်ယူခြင်းအတွက် မန်ယူအသင်းအား ယူရို (၄)သန်းသာ ပေးချေရမည်ဖြစ်ပြီး ရာသီကုန်တွင် အပြီးသတ်ခေါ်ယူရမည့်အချက် မပါဝင်ကြောင်း သိရသည်။

    

ဆန်ချို (၂၃ နှစ်) သည် မန်ယူအသင်းတွင် နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်နှင့် အဆင်မပြေသဖြင့် သြဂုတ်လကတည်းက ပွဲကစားခွင့်မရသောကြောင့် အသင်းဟောင်း ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ဆန်ချိုသည် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပေါင် (၇၃) သန်း (ယူရို ၈၅ သန်း)ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းမပြနိုင်ဘဲ သုံးရာသီအတွင်း (၈၂) ပွဲကစား၊ (၁၂) ဂိုးသာ သွင်းယူထားနိုင်သည်။ 

ဆန်ချိုသည် လက်ရှိတွင် တစ်ပတ်လစာ ပေါင်သုံးသိန်းဝန်းကျင်ရရှိနေပြီး လစာ၏ သုံးပုံတစ်ပုံကို မန်ယူအသင်းက ဆက်လက်ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

    

ဆန်ချိုသည် စက်တင်ဘာ (၃) ရက်က အာဆင်နယ် အသင်းအား ရှုံးနိမ့်သည့်ပွဲ လူစာရင်းတွင် ချန်လှပ်ခံခဲ့ရပြီး ၎င်း မပါဝင်ခြင်းမှာ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က  ပြောကြားခဲ့သည်။ 

မိမိအနေဖြင့် ယင်းကဲ့သို့ ခုတုံးလုပ်ခံရခြင်းမှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ဆန်ချိုက လူမှုမီဒီယာမှတစ်ဆင့် တုံ့ပြန်ရေးသားခဲ့ပြီးနောက် ပထမအသင်းနှင့် လေ့ကျင့်ခွင့်၊ ပွဲကစားခွင့် ပိတ်ပင်ခံထားရခြင်းဖြစ်သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းတွင် ကျောနံပါတ် (၁၀)ကို ဝတ်ဆင်ခွင့်ရရှိမည်ဖြစ်သည်။ ယခုကဲ့သို့ အသင်းဟောင်းထံ ပြန်လည်ပြောင်း ရွှေ့ခွင့်ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ ဆန်ချိုက "အဝတ်လဲခန်းထဲ လျှောက်သွားတဲ့အခါမှာ ကိုယ့်အိမ်ကို ပြန်သွားရသလို ခံစားမိပါတယ်။ ကျွန်တော် ဒီအသင်းမှာရှိနေတဲ့လူတွေနဲ့ ဘယ်တော့မှ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ အသင်းဖော် တွေနဲ့ ပြန်တွေ့ရဖို့ မစောင့်နိုင်အောင်လည်း ဖြစ်မိပါတယ်။ ကျွန်တော် ဒီအသင်းအတွက် သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ပြုလုပ်ပေးသွားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆန်ချိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြတောက်ပလာမည့် ကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရသော်လည်း မန်ယူအသင်းတွင် ရုန်းကန်ခဲ့ရပြီး နည်းပြ တန်ဟက်ဂ်နှင့် အဆင်မပြေသောကြောင့် ဒေါ့မွန်အသင်းထံ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်း၏ ပရိသတ်များကမူ ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါက ပွဲကစားခွင့်ပြန်လည်ရရှိပြီး ခြေစွမ်းပြနိုင်လိမ့်မည်ဟု ထင်ကြေးပေးနေကြကြောင်း သိရသည်။ 

Most Read

Most Recent