Online Shopping များ လာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ နှစ်နှစ်သက်တမ်းရှိသည့် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး အများဆုံး ကျပ် ၇၀၀၀၀ ကောက်ခံမည်

Online Shopping များ လာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ နှစ်နှစ်သက်တမ်းရှိသည့် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး အများဆုံး ကျပ် ၇၀၀၀၀ ကောက်ခံမည်
အောက်တိုဘာ ၂ ရက်က ကျင်းပသည့် Online Sales လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးအတွက် အသိပညာပေးခြင်း အခမ်းအနားကို တွေ့ရစဉ်
အောက်တိုဘာ ၂ ရက်က ကျင်းပသည့် Online Sales လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးအတွက် အသိပညာပေးခြင်း အခမ်းအနားကို တွေ့ရစဉ်
Published 29 December 2023

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Shopping လုပ်ငန်းများလာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ နှစ်နှစ်သက်တမ်းရှိသည့် မှတ်ပုံတင်များခွင့်ပြုမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး အများဆုံး ကျပ် ၇၀၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online  Sales) လုပ်ငန်းမှတ်ပုံတင်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်းခြောက်လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Sales လုပ်ငန်းမှတ်ပုံတင်ခြင်း အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင် ခွင့်ပြုမည့်မှတ်ပုံတင်များအား သက်တမ်းနှစ်နှစ်အထိ ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်နှုန်းထားများဖြင့် မှတ်ပုံတင်ကြေးကောက်ခံကြေး ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းများအတွက် မှတ်ပုံတင်ကြေး ကျပ် ၇၀၀၀၀၊ SME လုပ်ငန်းဆိုင်ရာအသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းအတွက် မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ကျပ် ၃၀၀၀၀ သတ်မှတ်ထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ထားသည်။ယင်းအမိန့်အရ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်မှာ မှတ်ပုံတင်လက်မှတ်ရရှိသူသည် ရောင်းချသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်၊ ရောင်းချသောကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အရောင်းပြေစာပေးအပ်ရမည်၊ ရောင်းချသောကုန်စည်သို့မဟုတ် ဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော  သတင်းအချက်အလက်နှင့်အာမခံချက်များ ပေးအပ်ရမည်၊ ရောင်းချသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချ မည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ်ရောင်းချခြင်းကို ရှောင်ကြဉ်ရမည်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကို ရည်ရွယ်၍သော်လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍သော်လည်းကောင်း လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနှင့်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိစွာရောင်းချရမည်၊ အစားအသောက် သို့မဟုတ် ဆေးဝါးသို့မဟုတ် ဆေးပစ္စည်း သို့မဟုတ် အလှကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်စသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးထက်ဝင်းအောင်က ရှင်းလင်းပြောကြားထားသည်။

Most Read

Most Recent