ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်အရေအတွက်မှာ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသောလက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သန်းနှင့်ချီရှိခဲ့ပြီး နေရပ်စွန့်ခွာသူအများစုမှာ နေရပ်သို့ပြန်နိုင်သည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသေးပေ။
ထိုအချိန်မှာပင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။
ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့်နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး နှစ်လနီးပါးအကြာတွင် စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၂၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်း စသည့် မြို့ငါးမြို့ကိုလည်း သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစံကျော် နယ်စပ်ဂိတ်လေးခုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
''အရှေ့မြောက်ပိုင်းအခြေအနေ''
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်တက်လာချိန်မှစ၍ အရပ်သားစုစုပေါင်း ၁၃၀ သေဆုံးပြီး ၂၁၀ ဒဏ်ရာရရှိကာ လူနေအိမ် ၄၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသူ ၁၂၀၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ယင်းလူဦးရေထဲကမှ နှစ်သောင်းခန့်သာ နေရပ်ပြန်နိုင်ပြီး ၉၉၀၀၀ ခန့်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ခိုလှုံရာ ၁၈၇ နေရာတွင်လည်းကောင်း၊ နယ်မြေချင်း ထိစပ်နေသည့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်းကောင်း သွားရောက်နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။
လတ်တလောတွင် နေရပ်စွန့်ခွာရသူများသည် အဓိကအားဖြင့် ဘာသာရေးနေရာများနှင့် အိမ်ရှင်ရပ်ရွာများတွင်လည်းကောင်း၊ တောတောင်များအတွင်းရှိ ယာယီခိုလှုံရာနေရာများနှင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ လယ်ကွင်းများတွင်လည်းကောင်း ခိုလှုံနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် နေရပ်စွန့်ခွာခိုလှုံရာနေရာ ၁၃၉ နေရာသို့ သွားလာဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း တိုက်ပွဲများ အဆက်အပြတ် ဖြစ်ပွားနေခြင်း၊ သွားလာရေးကန့်သတ်ချက်များရှိခြင်း၊ ဗျူရိုကရက်အုပ်ချုပ်ရေးစနစ် အတားအဆီးများ ရှိခြင်းတို့ကြောင့် အရေးကြီးလိုအပ်ချက်များကို လျင်မြန်စွာ လေ့လာဆန်းစစ်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူ ၈၂၀၀၀ နီးပါး (IDPs စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်း) ကို ငွေကြေး၊ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့ကြောင်းနှင့် တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် ၃၀၀၀၀ အနေဖြင့် လူသားချင်းစာနာမှု အကူအညီများ မဆိုသလောက်သာ ရရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထို့အတူ ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများ တည်ငြိမ်မှုမရှိသေးဘဲ လတ်တလောကာလအတွင်း မြစ်ကြီးနား အပါအဝင် မြို့နယ်အချို့တွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဗန်းမော်-မြစ်ကြီးနား အဓိကလမ်းမကြီးပေါ်ရှိ မိုးမောက်မြို့နယ်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
မန္တလေးနှင့် မြစ်ကြီးနားအကြားရှိ အရေးကြီး လမ်းမကြီးနှစ်လမ်းကို မကြာခဏပိတ်ထားမှုကြောင့် စားနပ်ရိက္ခာနှင့် လောင်စာဆီ အပါအဝင် အခြေခံလူသုံးကုန်ပစ္စည်း စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
''အရှေ့တောင်ပိုင်းအခြေအနေ''
မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသရှိ တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ မြို့နယ်အများအပြား၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် အရပ်သား ၉၃ ဦး သေဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ အများစုမှာ ရှမ်း-ကယား နယ်စပ်တစ်လျှောက်တွင်ဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ လူဦးရေ ၁၃၆၀၀၀ ကျော် လတ်တလော နေရပ်စွန့်ခွာခဲ့ရသည်။
အရှေ့တောင်ပိုင်းဒေသရှိ နေရာအများစုတွင် လူသားချင်းစာနာမှု ဝင်ရောက်ကူညီခွင့်များကို တင်းကျပ်စွာကန့်သတ်ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။
ထို့ပြင် ပြည်သူများ သွားလာမှုနှင့် မရှိမဖြစ် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို ကန့်သတ်ထားဆဲဖြစ်ပြီး အထူးသဖြင့် ကယားပြည်နယ်သို့ ဝင်ရောက်မှုများကို တင်းကျပ်စွာ ကန့်သတ်ထားကြောင်း ကုသမဂ္ဂက ထုတ်ပြန်ထားသည်။
''အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း အခြေအနေ''
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အရာတော်နှင့် အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနှင့် ပွင့်ဖြူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ် အပါအဝင် မြို့နယ်အများအပြား၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ရေးအရှိန်မြင့်တက်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ၃၁၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။
ထိုအထဲတွင် ကောလင်းနှင့် ထီးချိုင့်မြို့နယ်တို့မှ လတ်တလောနေရပ်စွန့်ခွာသူ ၁၃၀၀၀၀ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့၊ မကွေးတိုင်းဒေသကြီး ထီးလင်းနှင့် ယောမြို့နယ်တို့တွင် ဒီဇင်ဘာလ အစောပိုင်းမှစ၍ နေရပ်စွန့်ခွာသူ ၇၀၀၀ ကျော်လည်း ပါဝင်သည်။
ပြင်းထန်သောတိုက်ပွဲများကြောင့် အရပ်သား ၁၁၈ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ထို့ပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်း ၅၅၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးထံ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်များ၏ လိုအပ်ချက်များမှာ ကူညီနိုင်စွမ်းထက် များစွာကျော်လွန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။
ထို့ပြင် စစ်ကိုင်တိုင်း မြောက်ပိုင်ရှိ ကောလင်းနှင့် ထီးချိုင့်မြို့နယ်တို့တွင် စစ်ဘေးရှောင် ၁၅၀၀၀၀ ခန့်သည် လူသားချင်းစာနာမှုအကူအညီများ ရရှိနိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
''ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း အခြေအနေ''
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် လွန်ခဲ့သော တစ်ပတ်အတွင်း မောင်တော၊ မြောက်ဦး၊ ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့၌ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ယင်းတိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အရပ်သား ၃၇ ဦး သေ
ဆုံးကာ ၁၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထို့ပြင် အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ၁၁၁၀၀၀ ကျော်မှာ လတ်တလောတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
ရခိုင်ပြည်နယ်အတွင်းနှင့် ချင်းပြည်နယ်အတွင်း ဝင်ရောက်နိုင်သည့် ရေလမ်းကုန်းလမ်းအားလုံးကို ပိတ်ဆို့ထားဆဲဖြစ်ပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံး ရပ်နားထားရသဖြင့် လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ အပါအဝင် ကူးသန်းရောင်းဝယ်ရေးကုန်ပစ္စည်းများ ရှားပါးလာမှုနှင့် ဒေသခံများမှာ တွေ့ကြုံနေရသည်။
''စံချိန်တင်သွားသော စစ်ဘေးရှောင်ဦးရေ''
မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် မြို့နယ်အများအပြားတွင် အရပ်သားထိခိုက်သေဆုံးမှုများ၊ နေရပ်စွန့်ခွာရမှုများ၊ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်လျက်ရှိသည်။
အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာချိန်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လူဦးရေ ၆၆၀၀၀၀ ကျော် လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း တိုက်ပွဲများ အရှိန်မြင့်လာချိန်မှစ၍ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ အတင်းအကျပ် တပ်သား စုဆောင်းမှုများ၊ အဓမ္မခိုင်းစေမှုများ များပြားလာကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေ ၂ ဒသမ ၆ သန်းအထိ ရှိသွားပြီ ထိုပမာဏသည် မြန်မာနိုင်ငံ၌ စံချိန်တင် မြင့်တက်လာသော စစ်ဘေးရှောင်ဦးရေလည်း ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ပြည်သူများ သွားလာရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတို့ကို အကြီးအကျယ် ကန့်သတ်ခံနေရပြီး ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှု ပြတ်တောက်မှုကြောင့် အချင်းချင်း ဘေးကင်းလုံခြုံရေး အချက်အလက်များ မျှဝေရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ထိခိုက်စေကြောင်း ကုလသမဂ္ဂက ဆိုသည်။
လူသားချင်းစာနာမှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ပို့ဆောင်ရေးလမ်းကြောင်းများကို အသုံးပြုခွင့်မရရှိခြင်းကြောင့် စစ်ဘေးဒဏ်သင့်ဒေသများတွင် စားနပ်ရိက္ခာနှင့် မရှိမဖြစ် အိမ်သုံးပစ္စည်းများ ရှားပါးလာသည့်အပြင် လူသုံးကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာမှုနှင့် လောင်စာဆီအကျပ်အတည်းများလည်း ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထိုသို့သောအခြေအနေတွင် မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံနီးပါး (၁၈ ဒသမ ၆ သန်း) အနေဖြင့် လူသားချင်းစာနာမှု အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ယင်းလိုအပ်ချက်သည် ယမန်နှစ်ကထက် လူဦးရေတစ်သန်း ပိုများလာခြင်းဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲမဖြစ်မီ လွန်ခဲ့သော သုံးနှစ်ကထက် ၁၉ ဆနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်များအနေဖြင့် ယင်းအကျပ်အတည်းကာလကို ခါးစည်းခံနေရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့်အချက်များကြောင့် ကလေးသူငယ်ခြောက်သန်းသည် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထို့ပြင် ယင်းကလေးသူငယ်များထဲမှ အများစုသည် တပ်သားစုဆောင်းခံရခြင်းနှင့် စိတ်ထိခိုက်ခံစားရခြင်း အပါအဝင် အန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်နေကြောင်းကိုလည်း ကုလသမဂ္ဂက သတိပေးထားသည်။
စီးပွားရေး အဆင်မပြေမှုများကြောင့် မိသားစုအများအပြားအနေဖြင့် ငွေကြေးဆိုင်ရာဒုက္ခများကို ခံစားနေကြရပြီး စိုက်ပျိုးရေးအခက်အခဲနှင့် ငွေကြေးဖောင်းပွမှု (ကုန်စျေးနှုန်းကြီးမြင့်မှု) များကြောင့် ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ ရှိလာသဖြင့် အာဟာရချို့တဲ့မှုများ တိုးပွားလာစေကြောင်း ကုလသမဂ္ဂက ဆိုသည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း အကျပ်အတည်းကာလတစ်ခုသို့ ရောက်နေပြီး သန်းနှင့်ချီသော ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် အမိုးအကာ သို့မဟုတ် သောက်သုံးရေ မရှိဘဲ နေထိုင်နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ထို့ပြင် အမျိုးသမီးများ၊ မသန်စွမ်းများအနေဖြင့် ယင်းအခြေအနေဆိုးများ၏ ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံနေရကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။
လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေး ကူညီသွားရန် လျာထားပြီး ထိုသို့အကူအညီ ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂက အတိအလင်းကြေညာထားသည်။