သဘာဝဘေးအန္တရာယ်များနှင့် အစာရေစာ ရှားပါးခြင်း 

သဘာဝဘေးအန္တရာယ်များနှင့် အစာရေစာ ရှားပါးခြင်း 
Published 24 December 2023
ဒေါက်တာလွင်သန့်

ကမ္ဘာကြီးက အယ်နီညိုဖောက်ပြန်မှုခံစားနေရပြီလား။ အရှေ့အာဖရိကမှာ လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့်ဖြစ်ပွားရတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အောက်တိုဘာလကတည်းက မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက်က သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုတယ်။ ဆိုးရွားတဲ့ရာသီဥတုဘေးအန္တရာယ်ရဲ့နောက်ဆုံးဖြစ်စဉ်တစ်ခုအဖြစ်ဆိုမာလီယာ၊ ကင်ညာနဲ့ အီသီယိုပီးယားမှာ မိုးများသည်းထန်စွာရွာသွန်းခဲ့တယ်ဆိုတယ်။

ကမ္ဘာမိုးလေဝသတွက်ချက်ရေးအဖွဲ့ (WWA) မှ သိပ္ပံပညာရှင်များက လက်ရှိမိုးရွာသွန်းမှုဟာ အောက်တိုဘာ၊ ဒီဇင်ဘာလအတွင်း အဆိုပါဒေသရဲ့စံချိန်တင်ပြင်းထန်မှုဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲကာ အဆိုပါမိုးရွာသွန်းမှုဟာ အောက်တိုဘာမှာ တစ်ခါမျှ ရွာသွန်းခဲ့သမျှ ကမ္ဘာကြီးရာသီဥတုဖောက်ပြန်မှုကြောင့်မိုးရွာသွန်းမှုကို‌ သည်နှစ်အထိပိုမိုများပြားစေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုရဲ့သက်ရောက်မှုအတိအကျကို မသိရကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့တယ်။

 အိန္ဒိယသမုဒ္ဓရာရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသကြား ပင်လယ်ရေမျက်နှာပြင်အပူချိန်များ မတူညီမှုက အဓိပ္ပာယ်ဖွင့်ဆိုတဲ့ရာသီဥတုစနစ်တစ်ခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာဒီပိုလာ (Indian ocean Dipola-100) ကလည်း ပုံမှန်မဟုတ်ဘဲ ပြင်းထန်တဲ့မိုးရွာသွန်းမှုများဖြစ်ပွားမယ်လို့ဖော်ပြခဲ့ကြောင်း WWA က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ဆက်လက်ပူနွေးနေတဲ့ကာလပတ်လုံး အရှေ့အာဖရိကမှာ ယခုလိုမိုးများသည်းထန်စွာရွာသွန်းတဲ့ဖြစ်စဉ်များဟာ မကြာခဏဖြစ်ပွားလာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အာဖရိကဦးချိုဒေသဟာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှုမှာ ပမာဏအနည်းငယ်သာရှိတဲ့တိုင်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ခံနိုင်ရည်အနည်းဆုံးဒေသထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ အဆိုပါဒေသဟာ ကာလကြာရှည်မိုးခေါင်မှုကြောင့် စားဝတ်နေရေးအခက်အခဲဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကို ရင်ဆိုင်နေရတဲ့ဒေသများကို ပိုမိုခက်ခဲစေခဲ့တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ သိပ္ပံပညာရှင်များဟာ ရုပ်ကြွင်းလောင်စာများအသုံးပြုမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုများလျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။ အရှေ့အာဖရိကမှာ ပြင်းထန်တဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပွားမှုဟာ ဒေသတွင်းအစိုးရများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များရဲ့ တုံ့ပြန်ဆောင်ရွက်မှုများထက် ကျော်လွန်မယ့်အလားအလာရှိနေတယ်ဆိုပါတယ်။

 ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ဒီဇင်ဘာ ၇ ရက်ထုတ်ပြန်တဲ့ သီးခြားအစီရင်ခံစာမှာလည်း အကြီးအကျယ်ပျက်စီးစေတဲ့ ရေလွှမ်းမိုးမှုများဟာ အရှေ့အဖရိကဒေသတစ်ဝန်းမှာ စားနပ်ရိက္ခာမလုံခြုံမှုကို ပိုမိုဆိုးရွားစေတယ်လို့ဖော်ပြခဲ့တယ်။ အဆိုပါ အဖေရိကဦးချိုဒေသမှာ ပုံမှန်ထက်မိုးရွာသွန်းမှု ၁၄၀ ရာခိုင်နှုန်း ပိုမိုများပြားကာ အခြေခံအဆောက်အအုံများ၊ သီးနှံစိုက်ခင်းများနဲ့မွေးမြူရေးခြံများမျက်စီးစေခဲ့ကြောင်း (WFP) ကထုတ်ပြန်ခဲ့တယ်။သည်လိုဆိုးရွားပြင်ထန်တဲ့မိုးလေဝသဖြစ်စဉ်များဟာမကြာခဏနဲ့ အပြင်းအထန်လာခဲ့တယ်ဆိုတယ်။

 အရှေ့အာဖရိကမှာ မိုးရွာသွန်းမှုကြောင့်လူ နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထက်ဝက်နီးပါးဟာ ဆိုမာလီယာမှာ ဖြစ်တယ်။ မိုးရွာသွန်းမှုများကြောင့်ဆိုမာလီယာမှာ လူ ၁၀၀ ကျော်သေဆုံးပြီး ကင်ညာမှာ ၁၆၅ ဦးသေဆုံးခဲ့ရာ အီသီယိုပီးယားမှာ ၅၇ ဦးသေဆုံးခဲ့ပါတယ်။ မိုးရွာသွန်းမှုကိုအဆိုးရွားဆုံးခံစားခဲ့ရတဲ့ဒေသများဟာ ဆိုမာလီယာဒေသနဲ့ အီသီယိုပီးယားအရှေ့ပိုင်းဖြစ်ကာ ကာလဝမ်းရောဂါဖြစ်ပွါးပြီးလူ ၂၃ ဦးသေဆုံးခဲ့တယ်သိရပါတယ်။

             အာဖရိကမှာ မကြုံစဖူး အစားအစာကျပ်တည်းမှုနဲ့ကြောင့် လူလေးဦးမှာ သုံးဦးဟာ ကျန်းမာစွာစားသောက်နိုင်ခြင်းမရှိဘဲ ငါးပုံတစ်ပုံဟာ အာဟာရချို့တဲ့လျက်ရှိတယ်လို့ ကုလသမဂ္ဂအေဂျင်စီများက အာဖရိကသမဂ္ဂကော်မရှင်နဲ့ အထူးအစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အာဖရိကပဋိပက္ခများနဲ့အတူ ယူကရိန်းရုရှားစစ်ပွဲ၊ ပါလက်စတိုင်းဟာမာ့စ်၊ အစ္စရေးစစ်ပွဲတွေကြောင့်ကမ္ဘာဆန်စပါးထောက်ပံ့မှုထိခိုက်ရတဲ့အပြင်ရာသီဥတုဖောက်ပြန်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေကြာင့်လူဦးရေ ၁ ဒသမ ၄ ဘီလျံ ရှိတဲ့အာဖရိကဟာ ဆာလောင်ငတ်မွတ်မှုအဆင့်မြင့်တက်နေတဲ့အပြင်အာဟာရချို့တဲ့နေတယ်လို့အ စီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူပေါင်းသန်းနဲ့ချီဟာ မဝေးတဲ့အနာဂတ်မှာ ပိုမိုဆိုးရွားတဲ့အငတ်ဘေးနဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့အစီရင်ခံစာမှာ သတိပေးထားပါတယ်။

 အာဖရိကလူဦးရေရဲ့ ၇၈ ရာခိုင်နှုန်း (သို့မဟုတ်) လူတစ်ဘီလျံကျော်ဟာကျန်းမာတဲ့စားသောက်မှုစနစ်မတတ်နိုင်ကြဘဲ ကမ္ဘာတစ်ဝန်းအတိုင်းအတာအရ ၄၂ ရာခိုင်နှုန်းရှိကာ အဆိုပါအရေအတွက်ထက်ဆက်လက်မြင့်တက်နေတယ်လို့ အစားအစာနဲ့စိုက်ပျိုးရေးအဖွဲ့အစည်း၊ အာဖရိကဆိုင်ရာကုလသမဂ္ဂစီးပွားရေးကော်မရှင်၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်နဲ့ အာဖရိကသမဂ္ဂကော်မရှင်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်က အာဖရိကနိုင်ငံများမှလူ ၃၄၂ သန်းဟာဆိုးရွားတဲ့အစားအစာဘေးကင်းလုံခြုံမှုမရှိခြင်းနဲ့ကြုံတွေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပိုများလာကာ အာဟာရချို့တဲ့သူ ၂၈၂ သန်းရှိလာခဲ့ရာ နိုက်ဂျီးရီးယားက

သန်း ၂၀၀ ကျော်ဟာ အာဟာရချို့တဲ့နေကြပါတယ်။

 ကမ္ဘာ့ကုလသမဂ္ဂရဲ့(၂၈)ကြိမ်မြောက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံ(the 28th meeting of the conferrence of the parties cop28)ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှဒီဇင်ဘာ ၁၂ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ ကျင်းပခဲ့ပါတယ်။ကမ္ဘာနိုင်ငံပေါင်း ၁၃၀ ကျော်မှနိုင်ငံခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုဆိုင်ရာကိုယ်စားလှယ်များ၊ သက်ဆိုင်တဲ့ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။ ကမ္ဘာလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အထုတ်လွှတ်ဆုံး အမေရိကန်နဲ့တရုတ်နိုင်ငံတို့မှ သမ္မတများ မတက်ရောက်ခဲ့ကြပါဘူး။ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးနဲ့ ရုရှားသမ္မတပူတင်တို့လည်းမတက်ရောက်ကြဘူး။ ညီလာခံရဲ့အခြေအနေကို ပညာရှင်များ၊သုတေသီများ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

Cop28 ညီလာခံမှာ ပြီးခဲ့တဲ့ရှစ်နှစ်ကပြုလုပ်ခဲ့တဲ့ပါရီသဘောတူညီချက်များကိုဆက်လက်အကောင်ထည်ဖော်နိုင်ရေး အလေးထားစဉ်းစားကြရမယ့်အပြင် ၂၀၃၀ မတိုင်ခင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုဖြတ်တောက်ကာ သန့်ရှင်းစွမ်းအင်ထုက်လုပ်မှုကိုဆောလျင်စွာလုပ်ဆောင်နိုင်ရေး၊ ချမ်းသာတဲ့နိုင်ငံများကဆင်းရဲတဲ့နိုင်ငံများကိုရန်ပုံငွေများထောက်ပံ့ရေးနဲ့ ဖွဲ့ဖြိုးဆဲနိုင်ငံများအတွက်သဘောတူညီမှုအသစ်များချမှတ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ပြည်သူလူထုအပေါ်ပိုမိုအလေးထားဂရုပြုလာရေး Cop28 အစီအစဉ်မှာနိုင်ငံများအားလုံး စုံစုံညီညီပါဝင်လာနိုင်ရေးတို့နဲ့ ဆက်စပ်ပက်သက်နေတဲ့နယ်ပယ်များဖြစ်တဲ့ ကျန်းမာရေး၊ အစားအစာထောက်ပံ့မှုနဲ့ ဘဏ္ဍာရေး စတာတို့ကိုပါဆွေးနွေးသွားဖို့ရှိတယ်ဆိုတယ်။

Cop28 ရဲ့ညီလာခံမှာ ယူအေအီးနိုင်ငံပိုင်ရေနံကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်စော်ဘွားစူလတန်အယ်ဂျက်ဘာ(Sultan Al . Jaber)က ညီလာခံဥက္ကဋ္ဌ အဖြစ်တာဝန်ယူ‌ဆောင်ရွက်ပါတယ်။ ညီလာခံကိုတက်ရောက်လာတဲ့ ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာမှာ စူလတန်အယ်ဂျက်ဘာက ရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်လို့ရုပ်ကြွင်းလောင်စာများအပါအဝင်ဆက်စပ်တဲ့အရာများနဲ့ပတ်သက်ပြီးလည်းကောင်း၊ အတွေးအမြင်ပြောင်းခြင်းကိုအားပေးခြင်းက စွမ်းအင်အသုံးပြုရာမှာ သမားရိုးကျမဟုတ်တဲ့နည်းလမ်းများကိုရှာဖွေဖို့လိုအပ်ကြောင်းကိုလည်းကောင်း အလေးထားပြောကြားခဲ့ပါတယ်။ ရုပ်ကြွင်းလောင်စာများ ဖယ်ရှားနိုင်ရေးအတွက်ထောက်ကူပံ့ပိုးပေးမယ့် သိပ္ပံပညာရပ်မရှိကြောင်း သူရဲ့အခိုင်အမာပြောဆိုတဲ့မှုနဲ့ပတ်သက်လို့တက်ရောက်သူများကအကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။ ညီလာခံတက်ရောက်သူများထဲမှာ ဥပဒေပြုလွှတ်တော်အမတ်များ၊ သိပ္ပံပညာရှင်များနဲ့ တက်ကြွလှုပ်ရှားသူများလည်းပါဝင်ပြီး သူတို့ဟာစွမ်းအင်အသွင်ကူးပြောင်းရေး ကမ္ဘာလုံးဆိုင်ရာတွန်းအားပေးလုပ်ဆောင်နေတဲ့ကာလအတွင်းရုပ်ကြွင်းလောင်စာများဆိုင်ရာ ကတိကဝတ်များနဲ့ပတ်သက်လို့စိုးရိမ်ကြောင့်ကြနေသူများဖြစ်ကြတယ်။

ညီလာခံမှာ ရာသီဥတုနဲ့သက်ဆိုင်တဲ့ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များအပေါ်ဝေဖန်သုံးသပ်တဲ့အသံစုံကိုကြားရတယ်။ ညီလာခံကိုတက်ရောက်နေတဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်ကကမ္ဘာနိုင်ငံများဟာ ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့တဲ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပါရီသဘောတူညီချက်ပန်းတိုင်များနဲ့ဝေးကွာနေဆဲဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နိုင်မယ်ဆိုရင်ရာသီဥတုဖောက်ပြန်မှုအဆိုးရွားဆုံးအခြေအနေကိုရှောင်လွှဲနိုင်မယ့်နည်းပညာများအသုံးပြုနိုင်မှာဖြစ်ကြောင်းပြောကြားပါတယ်။ ဘရာဇီးသမ္မတက ရာသီဥတုဆိုင်ရာကတိကဝတ်များကိုမဖြည့်ဆည်းနိုင်ခြင်းဟာ အစိုးရတွေအပေါ်ယုံကြည်ကိုးစားမှုလျော့ကျပျက်ပြားစေကြောင်းဆိုပါတယ်။

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကလည်း ကမ္ဘာ့ကြီးပူနွေးလာမှုနဲ့ပြင်းထန်တဲ့ရာသီဥတုအပြောင်းအလဲတွေကြောင့်ကမ္ဘာနိုင်ငံများမှာပြင်းထန်တဲ့စားနပ်ရိက္ခာအကျပ်အတည်းများနဲ့ဆက်လက်ရင်ဆိုင်လာရဖွယ်ရှိတယ်လို့သုံးသပ်ပြောကြားပါတယ်။ ဗြိတိန်ရဲ့တတိယမြောက်ချားဘုရင်ကလည်း ယခင်ကပညာရှင်များသတိပေးခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုအခြေအနေများ ယခုကြုံတွေ့နေရပြီဖြစ်ကြောင်း၊ အားထုတ်ဆောင်ရွက်မှုများရှိခဲ့ပေမဲ့ များစွာလိုအပ်နေသေးကြောင်း သတိပေးစကားနဲ့ထောက်ပြခဲ့ပါတယ်။ ညီလာခံဥက္ကဋ္ဌ စူလတန်အယ်ဂျက်ဘာက လူများသွားလာမှု ကမ္ဘာ့အပူချိန်တိုးနှုန်း ၁ ဒသမ ၅ ဒီဂရီဆဲစီယပ်ပန်းတိုင်ကိုရောက်ရှိစေဖို့ လုပ်ဆောင်သွားရမယ်လို့ ကတိပြုပြောကြားခဲ့တယ်။

 ဆိုရရင်ကမ္ဘာနိုင်ငံများအားလုံးနဲ့သက်ဆိုင်ပြီး ဖန်လုံအိမ်အာနိသင်ကြောင့် တစ်နေ့တခြားပူနွေးလာတဲ့ရာသီဥတုကို နဂိုအတိုင် းစိမ်းလန်းစိုပြေဖို့ဆိုတာနိုင်ငံတိုင်းလူသားတိုင်းရဲ့တာဝန်ဖြစ်လာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်အထုတ်လွှတ်ဆုံးအမေရိကန်၊ တရုတ်အပါအဝင်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက အရေးတယူလုပ်ဆောင်မှသာ ရာသီဥတုပုံမှန်ဖြစ်လာမှာဖြစ်ကြောင်း သိထားသင့်ပါတယ်။   

 

Most Read

Most Recent