တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်

တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်
Published 15 December 2023

တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ပြုလုပ်ခဲ့ပြီး Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ် မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ယခု ၁၄ ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ်နှစ်စင်ကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေယာဉ်များ ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေး ရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်(လေ)အနေဖြင့် သမိုင်းကြောင်းတစ်လျှောက် ပိုင်နက်ဝေဟင်စိုးမိုးရေးနှင့် လေကြောင်းရန်ကာကွယ်ရေး တာဝန်များ သာမကပြည်တွင်းသောင်းကျန်း မှုနှိမ်နင်းရေးစစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ပကျူးကျော်မှု၊ ပြည်တွင်း သောင်းကျန်းမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုနှင့် အတူလက်တွဲပြီး စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့အတူ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာန်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိ သည့် စစ်ဆင်ရေးများတွင် လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော်(လေ) တွင် ရှိသည့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲ ဝင်ခဲ့ကြောင်း၊ ထို့အတွက်လည်း တိုက်ပွဲဝင်စစ်သည်များအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း ထိုသို့မြင့်မြတ်သည့် အစဉ် အလာကောင်းများကို လေးစားတန်ဖိုးထားပြီး လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်းရန်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။

နစကဥက္ကဋ္ဌက ယနေ့တပ်တော်ဝင်မည့် Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့်အတွက် ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်(လေ)၏ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်း တာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာ ဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ် တစ်ရပ်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိ်(လေ) ဒုတိယ ဗိုလ််ချုပ်ကြီး  ဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာကာ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ််ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ် ပုံစံငယ်ကို  ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

Su-30 SME တိုက်လေယာဉ်သည် သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သော Flat Spin ဟုခေါ်သည့် ရေပြင်ညီအပြားလိုက် လည်ကျသော ပျံသန်းမှုအား ဆောင်ရွက်နိုင်သည့် အမျိုးအစားဖြစ်ပြီး လေယာဉ်၏ အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် ပျံသန်းမှုထိန်းသိမ်းသည့်စနစ်များကို အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် Flat Spin Maneuver ကို ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းနှင့် Maximum Banking Turn ဟု ခေါ်သည့် Radius of Turn အကျဉ်းဆုံးဖြင့် ကွေ့ပျံသန်းခြင်း ကိုလည်း ဆောင်ရွက်နိုင်ကြောင်းသိရသည်။

ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်ဖြစ် သည့် Su-30 SME တိုက်လေယာဉ် တစ်စင်းဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားပျံသန်းမှုပုံစံတို့ကို သရုပ်ပြပျံသန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

Most Read

Most Recent