မြောက်ကိုရီးယားသည် ယခုလအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) တစ် စင်းကို စမ်းသပ်ဖွယ်ရှိကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသားလုုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ကင်တေးယိုသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အမေရိကန်အရာရှိများနှင့် ဆွေးနွေးမှုများမပြုလုပ်မီ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန်၏ ချဲ့ထွင်ခဲ့သည့် အဟန့်အတား မဟာဗျူဟာ၏ အာရုံစိုက်မှုတစ်ခုဖြစ်သည်ဟု ကင်က ပြောသည်။
ချဲ့ထွင်ထားသည့် အခြိမ်းအခြောက် အဟန့်အတားသည် နျူကလီးယား တိုက်ခိုက်မှုကို ဆောလျင်စွာနှင့် ပြန်သားစွာ နှိမ်နင်းရန် နည်းလမ်းတစ်ခုရှာဖွေခြင်းဖြစ်ပြီး ယခုလအတွင်း မြောက်ကိုရီးယားသည် ICBM ပစ်လွှတ်လိမ့်မည်ဟု မိမိအနေဖြင့် ယူဆထားကြောင်း ကင်က ၀ါရှင်တန်သို့ ရောက်ရှိချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံး ကျည်များသည် နျူကလီးယားထိပ်ဖူးများကို သယ်ဆောင်နိုင်သဖြင့် နျူကလီယားခြိမ်း ခြောက်မှုတစ်ခုဖြစ်ကြောင်း ကင်က ထပ် လောင်းပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်၏ပင်မနယ်မြေရှိ ပစ်မှတ်များအထိ ရောက်ရှိနိုင်သည့် ပဲ့ထိန်းဒုံးကျည်အများအပြားကို ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယား၏ ကွန်ဆာဗေးတစ် သမ္မတယွန်းဆက်ယိုလက်ထက်တွင် တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို ဆန့် ကျင်သည့် ၎င်း၏ ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ခဲ့ပြီး စစ်ပွဲဖြစ်ပွားလာမည့်အခြေအနေတွင် နျူကလီးယားလက်နက်များအပါအဝင် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ အသုံးပြုရေးကို အာရုံစိုက်ထားသည်။
ကင်သည် တောင်ကိုရီးယားနှင့် အမေရိကန် ခေါင်းဆောင်များအကြား ထိပ်သီးအဆင့် ဆွေးနွေးမှုဖြစ်သည့် နျူကလီးယား အတိုင်ပင်ခံအုပ်စု(NCG)၏ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲအတွက် ၀ါရှင်တန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားဒုံးကျည်များနှင့် ပတ်သက်ပြီး တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်အကြား အချိန်နှင့်တစ်ပြေးညီ အချက်အလက်များမျှဝေရေး စီမံကိန်း အဆိုပြုချက်သည် အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ တရားဝင်ကြေညာချက်ထုတ်ပြန်နိုင်လိမ့်မည်ဟု ကင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ဇူလိုင်လက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းစမ်းသပ်ခဲ့ပြီး ထိုစမ်းသပ်မှုသည် လောင်စာတောင့်သုံး ICBM ကို အောင်မြင်စွာပစ်လွှတ်မှုဖြစ်ခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်းကလည်း မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံးစစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ပြီး ထိုဂြိုဟ်တုလွှတ်တင်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်က ရှုတ်ချခဲ့သည်။
Ref: Reuters















