ကျိုက်မရောမြို့နယ်အတွင်းမှ မြေစာပင်များ

ကျိုက်မရောမြို့နယ်အတွင်းမှ မြေစာပင်များ
Published 10 December 2023

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းက ချောင်းနှစ်ခွကျေးရွာဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာတည်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ မွန်တိုင်းရင်းသား အများအပြားနေထိုင်ကြတဲ့အပြင် ကရင်နဲ့ အခြားတိုင်းရင်းသားများလည်း နေထိုင်ကြပါတယ်။ ဒေသခံအများစုက ဥယျာဉ်ခြံ၊ နှစ်ရှည်ပင်၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပြီး အတ္ထရံမြစ်အရှေ့ကမ်းမှာတည်ရှိတဲ့ ချောင်းနှစ်ခွကျေးရွာဟာ အတ္ထရံတံတား (ချောင်းနှစ်ခွ) မတည်ဆောက်ရသေးခင် ၂၀၁၅ ခုနှစ်အရှေ့ပိုင်းနှစ်တွေမှာ ချောင်းနှစ်ခွကျေးရွာနဲ့ အတ္ထရံမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ လှကဇိုင်းကျေးရွာဘက်ကမ်းကို ဇက်ရေယာဉ်နဲ့ ကူးလူးပြီးသွားလာခဲ့ကြရပါတယ်။ အဲဒီကာလတွေကတည်းက ချောင်းနှစ်ခွကျေးရွာဟာ ထင်ရှားခဲ့တာပါ။

၂၀၁၅ ခုနှစ်အတွင်းမှာ အတ္ထရံတံတား (ချောင်းနှစ်ခွ) တံတားကို တည်ဆောက်ပြီးစီးသွားတဲ့အချိန်မှာတော့ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ-ကျွန်းရွာ- မုဒုံကားလမ်းဟာ ထိုင်း - မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းက ဘုရားသုံးဆူမြို့နဲ့ မြဝတီမြို့အထိပါ ကုန်သွယ်ရေးလမ်းကြောင်း ပိုမိုအဆင်ပြေချောမွေ့ခဲ့သလို၊ အတ္ထရံတံတား (ချောင်းနှစ်ခွ) ကလည်း ဒီလမ်းကြောင်းပေါ်မှာ အဓိကအရေးပါတဲ့ တံတားတစ်စင်းဖြစ်ခဲ့သလို၊ ဒေသခံတိုင်းရင်းသားပြည်သူတွေအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ကူးသန်းရောင်းအတွက်ကိုလည်း များစွာအထောက်အကူပေးခဲ့တဲ့ တံတားတစ်စင်းဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဆက်သွယ်ထားတဲ့ ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွ - ကျွန်းရွာ- မုဒုံ ကားလမ်းမှာ နယ်မြေအခြေအနေအရ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ ဂိတ်တွေ၊ စခန်းတွေလည်း ဟိုးအရင်ကတည်းက ရှိနေခဲ့ကြပါတယ်။ အတ္ထရံတံတား (ချောင်းနှစ်ခွ) တည်ဆောက်ပြီးစီးသွားတဲ့အခါမှာတော့ တံတားချဉ်းကပ်လမ်းတွေမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ လုံခြုံရေးဂိတ်တွေရှိခဲ့သလို ချောင်းနှစ်ခွ - ကြာအင်းဆိပ်ကြီးလမ်းတစ်လျှောက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဂိတ်တွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အဆိုပါ ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွ - ကျွန်းရွာ - မုဒုံ ကားလမ်းတစ်လျှောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းအပေါင်းစုံ၏ လုံခြုံရေးဂိတ်အမျိုးမျိုးရှိခဲ့ကြာင်း ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “အရင်ကလည်း လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း ပစ်ခတ်မှုတချို့ရှိခဲ့တယ်။ အဲဒီလို ပစ်ခတ်ကြပြီဆိုရင် တံတားကို ခေတ္တပိတ်လိုက်တာမျိုးတွေရှိခဲ့သလို ချောင်းနှစ်ခွရွာက ဒေသခံတွေလည်း ကိုယ့်အိမ်ကိုယ်မှာရှိတဲ့ ကတုတ်ကျင်းတွေထဲ ဝင်ပုန်းပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေက ဟိုးအရင်ကတည်းက တိုက်ပွဲတွေဖြစ်နေကျဆိုတော့ ဒီလိုပဲ နေအိမ်တွေမှာ ကတုတ်ကျင်းတွေတူးထားကြရတာ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာရှိတဲ့ လုံခြုံရေးဂိတ်တွေနဲ့ ချောင်းနှစ်ခွကျေးရွာထဲမှာရှိတဲ့ ရဲစခန်းကို လက်နက်ကိုင်တွေက မကြာခဏလာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ၎င်းချောင်းနှစ်ခွဒေသခံက ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခန့်မှာတော့ KNU/KNLA/KTLA/PDF ပူးပေါင်းအဖွဲ့တွေဟာ ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ ရဲစခန်းနဲ့ အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာရှိ လုံခြုံရေးဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာနေ ချောင်းနှစ်ခွဒေသအတွင်းမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ရပါတယ်။

“ခါတိုင်းလိုပဲပေါ့။ တိုက်ပွဲတွေက တစ်ရက်နှစ်ရက်လောက်နဲ့ ပြီးသွားမယ်ထင်နေကြတာ။ အခုက တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်နဲ့ တိုက်ပွဲက နေ့တိုင်းလိုဖြစ်နေတော့ ရွာသားတွေအနေနဲ့က ဘယ်သူမှ ကိုယ့်အိမ်မှာကိုယ် မနေရဲကြတော့ဘူး။ တိုက်ပွဲတွေကလည်း ပြင်းထန်သလို လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်နေကြတော့ ပစ်ခတ်သံနည်းနည်းငြိမ်သွားတာနဲ့ ရှိတာလေးတွေ ထုပ်ပိုးပြီး တိုက်ပွဲနဲ့ လွတ်လောက်မယ့်နေရာတွေကို ပြေးကြရတာပဲ” လို ၎င်းချောင်းနှစ်ခွဒေသခံက ပြောပါတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ရက်ကြာသည်နဲ့အမျှ ချောင်းနှစ်ခွ၊ တောင်ကလေး၊ ရေပူ၊ သရက်ကုန်း၊ မရမ်းကုန်း၊ ပေါလောကုန်း အစရှိတဲ့ ကျေးရွာတွေဘက်အထိပါ ကျယ်ပြန့်လာပါတယ်။ တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွ - ကျွန်းရွာ - မုဒုံ ကားလမ်း၊ တောင်ကလေး - ခလယ်တံခွန်တိုင်လမ်း၊ ကျိုက်မရော - ခရုံဂူ - ဖာသိမ် - လွှစင်ကုန်း ကားလမ်းကို ပိတ်ထားခဲ့ရပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေလည်း ပြတ်တောက်သွားခဲ့ရပါတယ်။

တိုက်ပွဲများပြင်းထန်ကျယ်ပြန့်လာတဲ့အလျောက် ဒေသခံပြည်သူတွေများရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း ထိခိုက်ပျက်စီးမှုများ ရှိလာပါတယ်။

လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမှုတွေကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းမှာရှိတဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးမှုများရှိခဲ့တဲ့အပြင် ကျိုက်မရောမြို့နယ် ပေါလောကုန်းကျေးရွာအတွင်း နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခုနစ်နှစ်အရွယ် မနှင်းသက်ဝေနဲ့ အသက် ရှစ်နှစ်အရွယ် မဆန်းရတီဦး ကျောင်းသူလေးနှစ်ဦးမှာ သေဆုံးခဲ့ကြရပါတယ်။

တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကြောင့် ကျေးရွာပေါင်း ရှစ်ရွာက ဒေသခံပြည်သူထောင်နဲ့ချီပြီး စစ်ဘေးလွတ်ရာနေရာဒေသတွေကို တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။ စစ်ပွဲတွေကြောင့် ချောင်းနှစ်ခွဒေသအတွင်းမှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းပေါင်း ၃၅ ကျောင်းမှာလည်း နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ပိတ်ထားခဲ့ရပါတယ်။

နိုဝင်ဘာလ ၁၇ ရက်မှာတော့ တစ်ချိန်က ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး စီးပွားရေး၊ ပညာရေး အစရှိတဲ့အရေးပေါင်းများစွာအတွက် အားထားခဲ့ရတဲ့ မုဒုံ - ကျွန်းရွာ - တောင်ကလေး - ချောင်းနှစ်ခွ - ကြာအင်းဆိပ်ကြီးလမ်းပေါ်ရှိတည်ရှိပြီးတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ချိတ်ဆက်ထားတဲ့ အဓိက တံတားတစ်စင်းဖြစ်ခဲ့တဲ့ အတ္ထရံတံတား (ချောင်းနှစ်ခွ) ဟာ မိုင်းခွဲဖြိုချဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။

ချောင်းနှစ်ခွကျေးရွာတစ်ဖက်ကမ်း၊ လှကဇိုင်းကျေးရွာဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းနဲ့  ပင်မတံတားအဆက်နေရာကို မိုင်းခွဲဖြတ်တောက်သွားတဲ့ ပုံစံမျိုးတွေ့ရကြောင်းနဲ့ ပင်မတံတားတစ်ခြမ်းမှာ အတ္ထရံမြစ်အတွင်းပြုတ်ကျသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

“ဒီအတ္ထရံတံတား (ချောင်းနှစ်ခွ) က စစ်တိုက်နေသူတွေက အဓိကလမ်းကြောင်းလို့ သတ်မှတ်ထားကြသလို ကျွန်တော်တို့လိုဒေသခံတွေကလည်း ကုန်စည်ကူးသန်ရောင်းဝယ်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် သွားလာဖို့အတွက်လည်း အရေးကြီးတဲ့တံတားတစ်စင်းပါပဲ။ အခုတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီ” လို့ ချောင်းနှစ်ခွကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

“လက်နက်ကိုင်တွေအချင်းချင်း တိုက်ခိုက်နေကြတဲ့ စစ်ပွဲတွေမှာ လက်နက်မဲ့ ဒေသခံတွေက ဘာများတတ်နိုင်ကြမှာလဲ” ဆိုပြီးတော့ ၎င်းက ညည်းညူပြောဆိုပါတယ်။

နိုဝင်ဘာ ၁၀ ရက်မှ စတင်ဖြစ်ပွားနေခဲ့တဲ့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသအတွင်းမှာ နေ့စဉ်လိုလို ပစ်ခတ်မှုမှုများရှိဆဲဖြစ်တဲ့အပြင် ဒေသခံပြည်သူတွေလည်း နေ့စဉ်လိုလို စစ်ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်ထွက်ပြေးနေကြရင်းနဲ့ စစ်ဘေးရှောင်ပြည်သူအရေအတွက်က သောင်းဂဏန်းအထိရှိလာပြီးဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာတော့ ချောင်းနှစ်ခွကျေးရွာဘက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကျိုက်မရောမြို့နယ် မက်ကရိုကျေးရွာရှိတဲ့ အတ္ထရံမြစ်ကူး စံပယ်ဂူတံတားအထိ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ အတ္ထရံမြစ်ကူး စံပယ်ဂူတံတားအနီးမှာ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ကော့ဒူး၊ ကော့ပနော၊ မက်ကရို၊ ကွာငန်း အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်နှင့်ချီပြီး စစ်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပြန်ပါတယ်။

စစ်ပွဲတွေရဲ့ ထုံးစံအတိုင်း ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ အများအပြားထိခိုက်ပျက်စီးခဲ့ရပြန်ပါတယ်။ 

“ဒီအချိန်က မိုးစပါးတွေ ရင့်မှည့်နေတဲ့အချိန်ဗျ။ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လယ်သမားကမှ လယ်ထဲဆင်းပြီး စပါးမရိတ်ရဲကြဘူးပေါ့။ စစ်ဘေးရှောင်ကြဆိုတော့လည်း အားလုံးရှောင်ကြပေါ့လေ။ ဘယ်တတ်နိုင်မလဲပေါ့နော်” လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကော့ပနောကျေးရွာဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

ထို့ပြင် ဒေသခံတွေ မွေးမြူထားကြတဲ့ ဝက်၊ နွား၊ ဆိပ်၊ ကြက်အစရှိတဲ့ တိရစ္ဆာန်တွေလည်း ကုန်သလောက်ကိုဖြစ်သွားပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျိုက်မရောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လက်ရှိမှာ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ  စစ်ဘေးတိမ်းရှောင်နေကြရပြီး အစားအစာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူများထံက သိရပါတယ်။

လက်ရှိ ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဝယ်ငဲ့၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကြံတော၊ ထရံ၊ ပေသီကုန်း၊ မီးသွေးကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော်စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်များကို  ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး "စစ်ဘေးရှောင်အများ‌အပြားက ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ မြို့နယ်တွေမှာရှိတဲ့ ဆွေမျိုးတွေရှိရာနေအိမ်၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသူတွေရှိကြသလို နီးစပ်ရာတောတောင်၊ ဥယျာဉ်ခြံတွေမှလည်း တိမ်းရှောင်နေကြရသူတွေရှိပါတယ်" လို့ ပြောပါတယ်။

စစ်ဘေး‌တိမ်းရှောင်နေရတဲ့ ကာလကြာမြင့်လာတဲ့အတွက် စစ်ဘေးရှောင်ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ရေသန့်၊ အစားအစာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိလာကြောင်းလည်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတွေက ဆိုကြပါတယ်။

ထိုတိုက်ပွဲတွေအတွင်း ရဟန်းတစ်ပါးအပါအဝင် ဒေသခံပြည်သူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတဲ့အပြင် သာသနိကအဆောက်အအုံတွေ၊ ‌လူနေအိမ်အများအပြားလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခြင်းနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခြင်းတွေ ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရပါတယ်။

တစ်ချိန်တုန်းက တည်ငြိမ်အေးချမ်းခဲ့တဲ့ဒေသတွေဟာ အခုတော့လည်း စစ်တလင်းလိုဖြစ်ပျက်နေတော့ ဒေသခံတိုင်းရင်းသားပြည်သူတွေခမျာ ဝမ်းနည်းပူဆွေးသောကရောက်နေကြရတာထက် ဘာများတတ်နိုင်ကြမှာလဲ။

“ကျွန်တော်တို့က စစ်ဘေးရှောင်လာရတာ တစ်လပြည့်တော့မယ်။ အိမ်မြန်မြန်ပြန်ချင်နေပြီ။ အရင်လိုပဲ အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်စားသောက်ချင်တယ်။ ကျန်တာဘာမှမလိုချင်ဘူး။ ဘာမှလည်းမဖြစ်ချင်ဘူး။ ဒါပါပဲ” လို့ ချောင်းနှစ်ခွကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ထို့အတူပဲ ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာဒေသခံတစ်ကလည်း “စစ်ပွဲတွေအမြန်ဆုံးပြီးစေချင်တယ်။ အရင်လို ကိုယ့်ဒေသတွေက အရင် အေးအေးချမ်းချမ်းနေရတယ်။ အခုက ဘယ်လိုပြောရမလဲ။ ကျွဲနှစ်ကောင်ဝှေ့နေတဲ့ကြားက မြေစာပင်တွေလို ဖြစ်နေတယ်” လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ တစ်လောက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကာတွန်းတစ်ကွက်ဖတ်လိုက်ရတယ်။ ကာတွန်းဇာတ်ကောင်တစ်ကောင်က မေးတယ်။ ဘာတဲ့ မြန်မာနိုင်ငံမှာ အများဆုံးအပင်က ဘာလဲတဲ့။ နောက်ကာတွန်းဇာတ်ကောင်တစ်ကောင်က ပြန်ဖြေတယ် “မြေစာပင်” တဲ့ ။ 



 

Most Read

Most Recent