BP 125 စခန်းမှ စစ်ဘေးရှောင်များ၏ မျှော်လင့်ချက် 

BP 125 စခန်းမှ စစ်ဘေးရှောင်များ၏ မျှော်လင့်ချက် 
Published 10 December 2023

ညက မှောင်မည်းတိတ်ဆိတ်နေသော်လည်း သေနတ်သံ၊ ဗုံးသံများကြောင့် အစ်ကိုရန်တစ်ယောက် မည်သို့မျှ အိပ်မပျော်ပါ။ 

ထိုနေရာသို့ ပြောင်းရွှေ့လာပြီးကတည်းက ထိုဒုက္ခကို ညစဉ်ရက်ဆက် ခံစားခဲ့ရသည်။ 

ရွက်ဖျင်ထဲတွင် အိပ်စက်ရသော်လည်း နွေးထွေးမှုမရှိ။ အိမ်ကဲ့သို့ မလုံခြုံ။ ယင်းဒုက္ခကို အစ်ကိုရန်ကဲ့သို့ပင် လူပေါင်း သုံးသောင်းကျော်ခန့် ခံစားနေရသည်။ 

ယခု နေထိုင်ရသည့်နေရာသို့ အစ်ကိုရန်တို့ ပြောင်းရွှေ့လာသည်မှာ တစ်လကျော်ရှိပြီ။ 

အစ်ကိုရန်အနေဖြင့် မိသားစုလိုက် ထိုနေရာသို့ ပြောင်းရွှေ့လာရခြင်းလည်း ဖြစ်သည်။

 

ကိုယ်ပိုင်အိမ်ရှိသော်လည်း အစ်ကိုရန်တို့အနေဖြင့် မိသားစုလိုက် ထိုနေရာသို့ မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့လာရသနည်း။ 

ထိုနေရာသို့ ပြောင်းရွှေ့လာရခြင်းသည် အပျော်ခရီးထွက်လာခြင်း မဟုတ်ပါ။ အဖြေသည်ကား တိုက်ပွဲများကြောင့် ဖြစ်သည်။ 

အစ်ကိုရန်တို့ နေထိုင်သည့် ကိုးကန့်ဒေသတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းဖြစ်သည့် “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့” က ဦးဆောင်၍ ဖွင့်လှစ်ထားသော BP 125 စစ်ဘေးရှောင်စခန်းတွင် လာရောက်နေထိုင်ရခြင်း ဖြစ်သည်။ 

BP 125 စစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့လာသည်မှာ တစ်လကျော်ရှိပြီဖြစ်သော်လည်း မိမိအိမ်ကဲ့သို့ လုံခြုံမရှိ။ ရာသီဥတုဒဏ်၊ စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။ 

အစ်ကိုရန်က လောက်ကိုင်မြို့အနီး ရွာတစ်ရွာတွင် နေထိုင်သော အသက် ၅၃ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ 

ကိုးကန့်နယ်ဒေသအတွင်း အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၎င်း၏ မိသားစုဝင်များကို ခေါ်ဆောင်၍ BP 125 စစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့သည်။ 

သားဖြစ်သူက ရန်ကုန်မြို့တွင် အလုပ်လုပ်နေသောကြောင့် အစ်ကိုရန်အနေဖြင့် ဇနီးနှင့် မြေးများကို ခေါ်ပြီး BP 125 စစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်နေခြင်းလည်း ဖြစ်သည်။  

လက်ရှိတွင် ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် အေးစက်လှသည့် ရာသီဥတုဒဏ်ကို ရွက်ဖျင်တဲထဲတွင်နေ၍ အစ်ကိုရန်တို့ မိသားစု ခုခံနေရသည်။ 

"ညတိုင်း ရွက်ဖျင်တဲမှာ အိပ်တဲ့အခါ စောင်ဘယ်လောက်ခြုံခြုံ နွေးတယ်လို့ မခံစားရဘူး။ ဒီနားက လေတိုးသလိုလို ဟိုနားက လေတိုးသလိုလိုနဲ့ ဒီကြားထဲ သေနတ်သံ၊ ဗုံးသံတွေ ပိုမိုကျယ်လောင်လာတာနဲ့ အိပ်လို့ မပျော်နိုင်ပါဘူးလေ"ဟု အစ်ကိုရန်က သူတို့ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ 



''BP 125 စခန်း ဘယ်လိုပေါ်ပေါက်လာသလဲ''

အောက်တိုဘာ ၂၇ ရက်ကစပြီး ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နယ်စပ်မျဉ်း BP 125 အနီးတွင် စစ်ဘေးရှောင်စခန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

ကိုးကန့်ဒေသအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ၏ နေထိုင်ရေးနှင့် အခြေခံဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသဆိုင်ရာလူမှုအဖွဲ့အစည်းဖြစ်သော “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့”က ဦးဆောင်၍ သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့များနှင့်အတူ ကိုးကန့်နယ်စပ်မျဉ်း BP 125 ၌ စစ်ဘေးရှောင်စခန်းကို ထူထောင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

စစ်ဘေးရှောင်စခန်း ဖွင့်လှစ်မည့်နေရာကို အောက်တိုဘာ ၃၀ ရက်မှ စတင်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းများဖော်ခြင်းနှင့် လျှပ်စစ်မီးရရှိရေး စသည့် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ 

BP 125 စစ်ဘေးရှောင်စခန်း စတင်ဖွင့်လှစ်ချိန်တွင် စစ်ဘေးရှောင်ဦးရေ ၁၂၀၀၀ ကျော် လာရောက်ခိုလှုံခဲ့သည်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှု၊ အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့မှုနှင့် လူမှုအဖွဲ့အစည်းများ၏ လှူဒါန်းမှုဖြင့် BP 125 စစ်ဘေးရှောင်စခန်း လာရောက်ခိုလှုံသူ စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ 



''ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်ချက်ရှိနေ''

BP 125 စစ်ဘေးရှောင်စခန်း စတင်ဖွင့်လှစ်ချိန်တွင် စစ်ဘေးရှောင်ဦးရေ ၁၂၀၀၀ ကျော် လာရောက်ခိုလှုံခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာအသီးသီးမှ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာသဖြင့် ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်ချက်ရှိလာကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောကြားသည်။ 

BP 125 စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ တိုးမြင့်လာသည်နှင့်အမျှ ရေသန့်စက်ရုံများမှာ စစ်ဘေးရှောင်များ၏ အခြေခံရေသုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ 

နေ့စဉ် ရေအပ်ချက်နှင့် ရေအခက်အခဲ ဖြစ်ပေါ်မှုကို ဖြေလျှော့ပေးနိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မီးသတ်ဦးစီးဌာနက စစ်ဘေးရှောင်များထံ နေ့စဉ်သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ရသည်။ 

ရေဖြန့်ဝေခြင်းလုပ်ငန်းကို နိုဝင်ဘာ ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မီးသတ်ကားလေးစီးဖြင့် ဖြန့်ဝေနေရသည်။ 

တိုးမြင့်လာသည့် စစ်ဘေးရှောင်ဦးရေကြောင့် BP 125 ရှိ နေအိမ်များတွင် နေရာချထားပေးနိုင်မှု မရှိသဖြင့် ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ မြေကွက်လပ်တွင် ရွက်ဖျင်ထိုး၍ နေကြရသည်။ 

ထို့ကြောင့် ရွက်ဖျင်တဲ၊ မိုးကာ စသည့် အသုံးအဆောင်ပစ္စည်းများ ဆိုးရွားစွာ ပြတ်လပ်နေပြီး စစ်ဘေးရှောင်စခန်း၌ ပိုးသတ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံက ဆိုသည်။ 

BP 125 စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များကို စေတနာ့ဝန်ထမ်း ၂၀၀ ကျော်ဖြင့် နေ့စဉ်လိုအပ်ချက်များကို ဆောင်ရွက်ပေးနေရသည်။ 



''ရန်လုံကျိုင်းစခန်း တိုးချဲ့ဖွင့်လှစ်ခဲ့ရ''

ကိုးကန့်ဒေသအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ များပြားလာသဖြင့် နိုဝင်ဘာ ၆ ရက်က ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးရှိ ကုန်သွယ်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီ၏ ဂိုဒေါင်တွင် စစ်ဘေးရှောင်စခန်းတစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့ရသည်။ 

စစ်ဘေးရှောင်များ၏ နေရာချထားရေးကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကိုးကန့်သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းများက ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးရှိ ကုန်သွယ်ရေးပို့ကုန်သွင်းကုန်ကုမ္ပဏီ၏ ဂိုဒေါင်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ဘေးရှောင်ပြည်သူများကို နေရာချပေးခဲ့ခြင်းလည်း ဖြစ်သည်။ 

ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်ပြည်သူအများစုမှာ တာရွှေထန်၊ ရွှေယင်စီး၊ ထင်ပါကျိုင်း စသည့် ကျေးရွာအုပ်စုများမှ ဒေသခံများလည်း ဖြစ်သည်။  

ရန်လုံကျိုင်း စစ်ဘေးရှောင်စခန်း စတင်ဖွင့်လှစ်ချိန်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော်သာ လာရောက်ခိုလှုံခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်တွင် စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ကျော်ရှိလာသည်။ 

လက်ရှိတွင် ရန်လုံကျိုင်း စစ်ဘေးရှောင်စခန်း၌ စေတနာ့ဝန်ထမ်း ၂၈ ဦးဖြင့် စစ်ဘေးရှောင်စခန်းအတွင်းရှိ လုပ်ငန်းအသီးသီးကို တာဝန်ယူလုပ်ဆောင် လျက်ရှိသည်။ 

စစ်ဘေးရှောင်များ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်း၌ ဆေးကုသခန်းပြုလုပ်ထားပြီး နေ့စဉ်ချက်ပြုတ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မီးဖိုချောင်အထောက်အကူပစ္စည်းများလည်း ပြုလုပ်ထားပေးထားသည်။ 

ရန်လုံကျိုင်းစစ်ရှောင်စခန်းတွင် လက်ရှိကြုံတွေ့ရသော အဓိကအခက်အခဲမှာ စားနပ်ရိက္ခာဖြစ်ပြီး စစ်ဘေးရှောင်များပါရှိလာသည့် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ မလုံလောက်မှုကြောင့် မကြာမီ စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာဖွယ်ရှိသည်။ 

''တစ်ပူပေါ်နှစ်ပူဆင့် BP 125 စခန်းမှ စစ်ဘေးရှောင်များ''

BP 125 စစ်ဘေးရှောင်စခန်းတွင် ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်ချက်ရှိနေချိန်တွင် နိုဝင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးအပြင် သဘာဝဘေးဒဏ်ကိုပါ ခံစားနေရသည်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် စခန်းအတွင်း ရေဝင်ရောက်လာသဖြင့် သဘာဝဘေးဒဏ်ကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

ဆောင်းရာသီ၏ အအေးလွန်ကဲမှုကိုဒဏ်ကို အလူးအလဲခံစားနေရချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်း ရေဝင်ရောက်သဖြင့် စစ်ဘေးရှောင်များ၏ ဒုက္ခက တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ရသည်။

ကိုးကန့်ဒေသတွင် နိုဝင်ဘာ ၁၆ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် BP 125 စစ်ဘေးရှောင်စခန်း နေရာအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ 

စစ်ဘေးရှောင်များကို BP 125 ရှိ နေအိမ်များတွင် နေရာချထားပေးနိုင်ရန် လောက်ငှမှု မရှိသဖြင့် စစ်ဘေးရှောင်အများစုမှာ ရွှံ့မြေပေါ်တွင် ရွက်ဖျင်တဲ ထိုးပြီး နေနေရခြင်း ဖြစ်သည်။ 

ထိုအခြေအနေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်ရာနေရာနှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုကြောင့် ရွှံ့နွံများ ဖြစ်ပေါ်ခဲ့သည်။ 

''အမိုးအကာနဲ့ စားသောက်ရေးပါ အခက်အခဲဖြစ်နေချိန် မိုးရေတွေ ဝင်ရောက်ပြီး ရွှံ့နွံတွေဖြစ်နေတယ်။ ကျွန်မတို့ အခု စစ်ဘေးပါမကဘူး ရာသီဥတုဘေးပါ ခံနေရတာ။ အားလုံးစားဝတ်နေရေး ခက်ခဲနေပါတယ်။ တစ်ပြိုင်တည်း စစ်ဘေးရော သဘာဝ‌ဘေးရော ခံစားနေရပါတယ်''ဟု မနန်းထွေးက ပြောကြားသည်။



''BP 125 စခန်းမှ စစ်ဘေးရှောင်များ၏ မျှော်လင့်ချက်''

ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ပြီးဆုံးနိုင်မည့် အရိပ်အယောင် မမြင်ရသေးပေ။

စစ်ဘေးရှောင်များအနေဖြင့် အိမ်ပြန်ချင်ကြသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အိမ်ပြန်လမ်းမှာ ဝေ၀ါးနေဆဲ ဖြစ်သည်။ 

အချိန်ကြာလာသည်နှင့်အမျှ BP 125 စခန်းမှ စစ်ဘေးရှောင်များအနေဖြင့် ဒုက္ခမျိုးစုံ ရင်ဆိုင်နေရပြီး ခက်ခဲကြမ်းတမ်းလှသည့် ဘဝကို ဖြတ်သန်းနေရသည်။ 

စစ်ဘေးရှောင်များအနေဖြင့် ဆန်၊ စားသုံးဆီ၊ ဟင်းသီးဟင်းရွက် စသည့် ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ 

BP 125 စခန်းတွင် စစ်ဘေးရှောင် သုံးသောင်းကျော်ရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုအပြင် ရေအခက်အခဲလည်း ဖြစ်ပေါ်နေသည်။ 

BP 125 စခန်း၏ ရေပိုက်ခေါင်းများကို လမ်းတစ်လျှောက် ပေအနည်းငယ်ခြား၍ တပ်ဆင်ပေးထားသော်လည်း နေ့ဘက်တွင် ရေတန်းစီကြသည့် လူအုပ်ကြီးမှာ ရှည်လျားလွန်းသောကြောင့် ရေရရှိရန် အနည်းဆုံး နှစ်နာရီ (သို့မဟုတ်) သုံးနာရီ စောင့်ရသည်။ 

ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရသောကြောင့် စစ်ဘေးရှောင်များမှာ တန်းစီသူနည်းသည့် ညသန်းခေါင်အချိန်ကို စောင့်၍ ရေသယ်ကြရသည်။ 

“အခုတလော ညသန်းခေါင်ယံထပြီး ရေသယ်တဲ့ လူတွေလည်းများလာပြီ။ အခု ရေရရှိဖို့ ညသန်းခေါင်မှာလည်း တန်းစီနေရပြီ။ ကိုယ်နေတဲ့နေရာက ရေပိုက်ခေါင်းနဲ့ ဝေးတော့ တစ်ခါသယ်ရင် ရေနည်းနည်းပဲရတယ်။ ဒါကြောင့် နေ့ခင်းဘက်မှာ သုံးရေရှိဖို့ ညတိုင်းထပြီး ရေသယ်နေရတာ" ဟု စခန်းတွင် နေထိုင်သည့် အာ‌ဝင်း (အမည်လွှဲ) က ပြောသည်။ 

လက်ရှိတွင် ဆောင်းရာသီ ဝင်ရောက်လာသဖြင့် BP 125 စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် သုံးသောင်းကျော်၏ ဘဝနေထိုင်မှုမှာ အလွန်ခက်ခဲနေပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆောင်းရာသီ၏ အအေးဒဏ်၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

ထိုသို့သော အခက်အခဲများကြောင့် စစ်ဘေးရှောင်များအနေဖြင့် ငြိမ်းချမ်းရေး အမြန်ရရန်နှင့် မိမိနေအိမ်သို့ ပြန်၍ ပုံမှန်ဘဝဖြင့် နေထိုင်သွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ 

“၁၉၉၂၊ ၁၉၉၅၊ ၂၀၀၉ ခုနှစ်တွေမှာ ကျွန်တော်ရဲ့ဘဝမှာ စစ်ပွဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရသလို ဒုက္ခတွေလည်း အများကြီး ကြုံတွေ့ခဲ့တယ်။ ကျွန်တော့်ကလေးတွေခေတ်ရောက်ရင် စစ်ပွဲတွေ ထပ်မကြုံရတော့ဘူးလို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ကိုးကန့်ဒေသမှာ စစ်ပွဲတွေ အများကြီးဖြစ်ခဲ့ပြီးပြီ။ ကျွန်တော်တို့ရဲ့သားစဉ်မြေးဆက်တွေကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်စေချင်တယ်”ဟု အစ်ကိုရန်က ဆိုသည်။  

Most Read

Most Recent