ထိုင်းနိုင်ငံ ချာအမ်မြို့နယ်တွင် မြန်မာလုပ်သားများ စီးနင်းလာသော မော်တော်ယာဉ်တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ချာအမ်မြို့နယ်တွင် မြန်မာလုပ်သားများ စီးနင်းလာသော မော်တော်ယာဉ်တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရရှိ
Published 8 December 2023

ထိုင်းနိုင်ငံ ချာအမ်မြို့နယ်တွင် ဒီဇင်ဘာ ၈ ရက်နံနက်က  မြန်မာလုပ်သားများ စီးနင်းလာသော မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ဘက်သို့ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်မှာ ချာအမ်မြို့နယ်အတွင်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

“လတ်တလောဖြစ်စဉ်ကတော့ ဒီနေ့ဒီဇင်ဘာ ၈ ရက် ထိုင်းနိုင်ငံ ချာအမ်မြို့နယ် နယ်နိမိတ်အတွင်းမှာ မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ ကားတိမ်းမှောက်ပြီးတော့ မြန်မာလုပ်သားငါးဦး ဒဏ်ရာရရှိပါတယ်။ ကားကတော့ ထိုင်းနိုင်ငံသားတစ်ဦး မောင်းလာပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ကနေပြီးတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲ့ဆိုင်မြို့နယ်ဘက်ကို မောင်းနှင်လာစဉ် ချာအမ်မြို့နယ်အတွင်းမှာ ယာဉ်မတော်တဆမှုဖြစ်တာပါ” ဟု ပြောကြားသည်။

ဦးမိုးကြိုးက ဆက်လက်ပြီး “အလားတူ ဒီဇင်ဘာ ၇ ရက်နေ့တုန်းကလည်း ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် မြန်မာလုပ်သား ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဒါကြောင့်မို့လို ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ ယာဉ်မတော်တဆ မှု ၁၀ မှုရှိတယ်။ မြန်မာလုပ်သားသေဆုံးတာ၂၀ ဦးရှိတယ်။ ဒဏ်ရာရသူ ၁၀၅ ဦးရှိတယ်။ အဲဒီလိုသေဆုံးသူ ဒဏ်ရာရသူတွေဟာ ထိုင်းနိုင်ငံဥပဒေပါ အခွင့်အရေးကိုရရှိဖို့အတွက် ထိုင်းလူအခွင့်ဖောင်ဒေးရှင်းနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကိုလိုအပ်သလို ဆက်စပ်ပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မြန်မာအသိုင်းအဝိုင်းကလည်း ဘက်ပေါင်းစုံက ကူညီပေးဖို့ တိုက်တွန်းအပ်ပါတယ်” ဟု ပြောကြားသည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာလုပ်သားများ သွားလာအသုံးပြုသည့် မော်တော်ယာဉ်တိမ်းမှောက်မှု ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၂၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၀၅ ဦးရှိသွားပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent