မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘကျေးရွာတွင် မှတ်ပုံတင်အတုနှင့် အိမ်ထောင်စုစာရင်းအတု ပြုလုပ်ပေးနေသည့် အမျိုးသားတစ်ဦးအား ဒီဇင်ဘာလ ၆ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိခဲ့သည့် အမျိုးသားမှာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် (၈) လမ်းတွင်နေထိုင်သူ ဝေဖြိုးမင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းအား ဒီဇင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းကက ပေါင်မြို့နယ် ဖြူဘကျေးရွာ၊ အမှတ် (၁) ရပ်ကွက်နေ ဦးမောင်အေး ဆိုသူ၏နေအိမ်သို့ ရောက်ရှိနေစဉ် သက်ဆိုင်ရာမှ သွားရောက်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးမောင်အေး ရဲ့အိမ်မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းအတု ပြုလုပ်ပေးဖို့ အမျိုးသားတစ်ဦး ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဝေဖြိုးမင်း မှ သွေးနှောများနှင့် နိုင်ငံခြားသို့ အလုပ် သွားရောက် လုပ်လိုသူများအတွက် မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်းအတုများ လုပ်ပေးနေသူတစ်ဦးဖြစ်ကြောင်းကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း နှင့် ၎င်းမှာ သွေးနှောများအတွက် မှတ်ပုံတင်အတုတစ်ခုကို ကျပ် (၅) သိန်းမှ (၆) သိန်းကြားရယူကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းကဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝေဖြိုးမင်း အား ဇင်းကျိုက်နယ်မြေရဲစခန်းမှ (ပ) ၁၀၅။၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၂၀။၄၆၈ အရအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။