သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများအနက် အချို့ ဒီဇင်ဘာ ၄ ရက်တွင် စတင်နေထိုင်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများအတွက် အခန်းသော့များကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရုံးဖွင့်ရက်များတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း၊ ဒီဇင်ဘာ ၁ ရက်က အခန်းပေါင်း ၄၅၀ အတွက် သော့ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း၊ တိုက်ခန်းများတွင် မီတာ ၂၈၈ လုံး တပ်ဆင်ပေးထားပြီးဖြစ်ကြောင်းနှင့် သော့ထုတ်ယူပြီးသူများအနက် တစ်ပတ်အတွင်း နေထိုင်ရန် တင်ပြသည့် အခန်း ၁၂၀ ကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် အပြီးတပ်ဆင်ပေးခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၄ ရက်တွင် စတင်နေထိုင်နိုင်ခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်၍ နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ အငှားအိမ်ရာစီမံကိန်းအနေဖြင့် ၈၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဦးစားပေးဆောင်ရွက်ရန်နှင့် ပြီးစီးမှုပေါ်မူတည်၍ အပိုင်းလိုက်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အိမ်ရာစီမံကိန်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဆိုသည်။
အဆိုပါအိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်ထားသည့် ငှားရမ်းခနှုန်းထားများဖြင့် ငှားရမ်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီးလမ်းဆုံအနီးတွင် တည်ဆောက်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်သော ၎င်းအငှားအိမ်ရာရှိ အိမ်ခန်းများကို စတင်ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် အမှတ် ၂ လမ်းနှင့် အမှတ် ၇ မြို့ပတ်လမ်းဆုံအနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့က အဆောက်အအုံ ၉၇ လုံးစီ ခွဲဝေဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။















