ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာရှိ ကျေးလက်ဆေးပေးခန်းမှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၄ နာရီခွဲခန့်က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ခရွဲကျေးလက်ဆေးပေးခန်းအား Drone ဖြင့် ဗုံးနှစ်လုံးချ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် ကျေးလက်ဆေးပေးခန်းအဆောက်အအုံ ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ဗုံးကျတဲ့အချိန် ဆေးခန်းမှာ သားဖွားဆရာမနဲ့ အကူတစ်ယောက်ရှိနေတယ်။ သူတို့တော့ ဘာမှမဖြစ်ဘူး” ဟု ပြောကြားသည်။
ဗုံးသီးမှာ ဆေးခန်းဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံလေကာမှန်နှင့် လျှပ်စစ်မီတာ Box ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။