လူသားများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တားဆီးရန် WHO တိုက်တွန်း

လူသားများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တားဆီးရန် WHO တိုက်တွန်း
ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ကင်ညာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အမျိုးသမီးများနှင့် ကလေးများကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (Photo_AFP)
ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ကင်ညာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အမျိုးသမီးများနှင့် ကလေးများကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (Photo_AFP)
Published 29 November 2023

လူသားများ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တားဆီးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်းခဲ့သည်။

ဒူဘိုင်းတွင် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၂ ရက်အထိပြုလုပ်မည့် ကုလသမဂ္ဂရာသီ ဥတုဆိုင်ရာ အစည်းအဝေး COP28 တွင် WHO နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အသိုင်းအဝိုင်းသည် ရာသီဥတုဖောက်ပြန်မှုနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အဓိကထားပြီး ဆွေးနွေးမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများတွင် လူသားများ၏ ကျန်းမာရေးကိစ္စကို အာရုံစိုက် လုပ်ဆောင်မှုကို ပိုမိုချဲ့ထွင်ရန် အရေးကြီးကြောင်းနှင့် လူသားများ၏ ကျန်းမာရေးသည် မိမိတို့၏ တန်ဖိုးမဖြတ်နိုင်သည့် ပိုင်ဆိုင်မှုဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

“ကျန်းမာရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်တာဟာ ရွေးချယ်မှုတစ်ခုအဖြစ်နဲ့သာမဟုတ်ပါဘူး။ ဒါဟာ ကြံ့ကြ့ံခံနိုင်စွမ်းရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်”ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အာဒါနွမ် ဂေဘရီယေဆုက ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်းက ကမ္ဘာတစ်ဝန်းတွင် ဆိုးရွားပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကမ္ဘာကြီး ပူနွေးမှု မြင့်တက်လာခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် လူ ၃ ဒသမ ၅ သန်းခန့်သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ခံနိုင်ရည်အားနည်းသည့် နေရာဒေသများတွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂ၏ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းချိတ် ဆက်ဆောင်ရွက်သည့်အဖွဲ့ဖြစ်သည့် IPCC က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း ကမ္ဘာတစ်ဝန်းတွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်များအကြား အပူချိန်မြင့်မားမှုနှင့် ဆက်နွှယ်သည့် သေဆုံးမှုများသည် ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု WHO ၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ထို့ပြင် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှုနှင့် အပ လှိုင်းကျရောက်မှုများကဲ့သို့ ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမိုဝန်ပိစေခဲ့သည်ဟုလည်း WHO က ထုတ် ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် လူ ၈ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူပေါင်း ၃၃ သန်း ခန့် ရေဘေးဒုက္ခကို ခံစားခဲ့ရသည်။

ထိုကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ချက်ချင်းအရေးတယူ လုပ်ဆောင်ခြင်း မရှိပါက ၂၀၅၀ ပြည့်နှစ်တွင် ခန့်မှန်းခြေ လူပေါင်း ၂၁၆ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အကျပ်အတည်းသည် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စားဝတ်နေရေးများကို ထိခိုက်ပျက်စီးစေပြီး မြင့်တက်နေသည့် ကမ္ဘာ့လူဦးရေကို ထောက်ပံ့ပေးနိုင်ရန် ရုန်းကန်နေရသည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစနစ်နှင့် သောက်သုံးရေအရင်းအမြစ်များအတွက် စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။

ထို့ပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သွေးလွန်တုပ်ကွေးနှင့် ကာလဝမ်း ရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို ပိုမိုမြင့်တက်စေပြီး သန်းနှင့်ချီသည့် လူသား များ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိစေ နိုင်သည်ဟု WHO က ပြောကြားခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်နေသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အကျပ်အတည်းကို ပူးပေါင်းဖြေရှင်းသင့်သည်ဟု WHO က တိုက်တွန်းခဲ့သည်။

Ref:WHO

Most Read

Most Recent