နမ့်ခမ်းမြို့နယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသူ ၁၁၆ ဦး ဖမ်းမိသည့်အနက် တရုတ်နိုင်ငံသား ၈၈ ဦးကို SSPP က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

နမ့်ခမ်းမြို့နယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသူ ၁၁၆ ဦး ဖမ်းမိသည့်အနက် တရုတ်နိုင်ငံသား ၈၈ ဦးကို SSPP က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
Published 28 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသူ ၁၁၆ ဦး ဖမ်းမိသည့်အနက် တရုတ်နိုင်ငံသား ၈၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ နမ့်ခမ်းမြို့နယ် SSPP ထိန်းချုပ်နယ်မြေရှိ အဆောက်အဦတစ်ခုအတွင်း ကျားဖျန့် အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့်  ဂိုဏ်းတစ်ခုကို နိုဝင်ဘာ ၂၃ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းစီးရမိသည့် တရုတ်နိုင်ငံသား ၈၈ ဦး နှင့် မြန်မာနိုင်ငံသား ၂၈ ဦး စုစုပေါင်း ၁၁၆ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများဖြစ်သည့်  Destop Computer ၁၄၅ လုံး ၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ငွေ ၁၉,၁၅၀ ယွမ် ၊ မီးခံသေတ္တာတစ်လုံး ၊ Land Cruiser ကား တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိသူများထဲမှ တရုတ်နိုင်ငံသား ၈၈ ဦးကို နိုဝင်ဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံထံ လွဲအပ်ပေးလိုက်ကြောင်း SSPP က ထုတ်ပြန်သည်။

ထို့ပြင် ဖမ်းဆီးရမိထားသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အမှုစစ်ဆေးနေပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SSPP က ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အနေဖြင့် ၎င်းတို့အုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရန်အတွက် တာဆီးနှိမ်နင်းသွားရန် အမိန့်ထုတ်ထားသည်။

ဆက်သွယ်ရေး လိမ်လည်မှုများတွင်ပါ ဝင်ပတ်သက်ခဲ့သော သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ထုတ်ပြန်လိုက်ပြီး ယင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်ရေး လိမ်လည်မှုအဖွဲ့များကို ဖြိုခွင်းရန် ပူးတွဲကြိုးပမ်းမှုများတွင် ထူးခြားသောအောင်မြင်မှု ဖြစ်သည်ဟု ဆိုသည်။

သံသယရှိသူများထဲတွင် ဘဏ္ဍာရေးပိုင်း ထောက်ပံ့ပေးသူများ၊ အဖွဲ့ခေါင်းဆောင်များ၊ အဓိကလူများသာမက အွန်လိုင်းလုပ်ကိုင်နေသော တရားခံပြေး ၁၅၃၁ လည်းပါဝင်နေသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်က စက်တင်ဘာလကတည်းက ယူနန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေးလိမ်လည်မှုကို ပစ်မှတ်ထားသော အထူးစစ်ဆင်ရေးများမှတစ်ဆင့် အောင်မြင်သော ရလဒ်များကို တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက အလေးပေး ဖော်ပြထားသည်။

နိုဝင်ဘာလတွင် တရုတ် ပြည်သူ့လုံခြုံရေး အာဏာပိုင်များသည် မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးနှင့် အင်တာနက် လိမ်လည်မှုတို့ကို တိုက်ဖျက်မှုအား အရှိန်မြှင့်တင်ရန် နယ်စပ်ဒေသ မြန်မာနိုင်ငံနှင့် ၎င်းတို့ ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း အောင်ဆောင်ရွက်ခဲ့သည်။

မြီကော့ဖျင်၊ မြီကျွီလန်၊ မြီကျန်းကျန်းတို့ အပါအဝင် ဆက်သွယ်ရေး လိမ်လည်မှု အဖွဲ့ခေါင်းဆောင်အချို့ကို ဖမ်းမိခဲ့ပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။ နောက်ထပ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော မြီချောက်ရှန်းသည် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

ပြည်ပလိမ်လည်ရေးလုပ်ငန်း အများအပြားကို ဖြိုဖျက်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာလိမ်လည်မှု အုပ်စုများအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ခဲ့ရသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ရှိ ရဲတပ်ဖွဲ့များက သံသယရှိသူ ၅၇၁ ဦးကို လွှဲပြောင်းပေးခဲ့သောကြောင့် နိုဝင်ဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ်ရှိ ဒီဟောင်း ပြည်သူ့လုံခြုံရေးဌာနသည် နယ်စပ်ဥပဒေ ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် ကြီးကြီးမားမားအောင်မြင်မှုရခဲ့သည်ဟု ဆိုသည်။

အဆိုပါဆောင်ရွက်ချက်များသည် လိမ်လည်သူများကို ပြင်းထန်သော ဟန့်တားမှုအဖြစ် လုပ်ဆောင်ပေးခဲ့သည်။ ထပ်မံစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် သံသယရှိသူ ၃၁၀၀၀ ကို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများထံ လွှဲပြောင်းပေးလိမ့်မည်ဟု MPS က ဖော်ပြခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ဆိုသည်။

ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည်  လိမ်လည်မှုလုပ်ငန်းများကို အမြစ်ဖြတ်ချေမှုန်းရန်နှင့် ဥပဒေချိုးဖောက်သော အပြစ်လုပ်မှုများတွင် ပါဝင်ပတ်သက်သောလူများကို ဥပဒေနှင့်အညီ ဖမ်းဆီးရန် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက်ထားသော ဆက်သွယ်ရေးနှင့် အင်တာနက် လူလိမ်အဖွဲ့များအား ဆက်လက်ဖိအားပေးသွားမည်ဟု ဆိုသည်။

Most Read

Most Recent