ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့အဝင် တိုးဂိတ်တိုက်ခိုက်ခံရပြီး ကုန်တင်ယာဉ်အချို့နှင့် တိုးဂိတ်ပျက်စီးကာ အလောင်းလေးလောင်း တွေ့ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့အဝင် တိုးဂိတ်တိုက်ခိုက်ခံရပြီး ကုန်တင်ယာဉ်အချို့နှင့် တိုးဂိတ်ပျက်စီးကာ အလောင်းလေးလောင်း တွေ့ရှိ
Published 28 November 2023

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့အဝင် တိုးဂိတ်တိုက်ခိုက်ခံရပြီး ကုန်တင်ယာဉ်အချို့နှင့် တိုးဂိတ်ပျက်စီးကာ အလောင်းလေးလောင်း တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ် နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့အဝင် အေရှားဝေါလ်တိုးဂိတ်မှာ နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီခန့်က တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက် နံနက်တွင် အဆိုပါတိုးဂိတ်အနီးအနားရှိ ပြည်သူအချို့က သေဆုံးနေသည့်အလောင်းများကို လာရောက်သယ်ယူပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

“ည ၈ နာရီလောက်က လက်နက်ကြီးသံတွေရော သေနတ်သံတွေရော ကြားရတယ်။ တော်တော်ကြာတယ်။ ဒီမနက်ပိုင်းမှာတော့ အနီးအနားက ပြည်သူတွေက လှမ်းအကြောင်းကြားတာနဲ့ Dead Body တွေကို သွားသယ်ပေးလိုက်တာပါ” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုးဂိတ်အနီးတွင် အလောင်းလေးလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အလောင်းအချို့မှာ ပျက်စီးနေခြင်းကြောင့် မည်သူမည်ဝါ မခွဲခြားနိုင်ကြောင်း သိရသည်။

“တချို့အလောင်းတွေက တော်တော်လေးကို ပျက်စီးနေတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ကုန်ကားမောင်းတဲ့သူတွေလား ဘာလားဆိုတာလည်း မသိရဘူး။ တချို့အလောင်းတွေက မီးလောင်ထားတော့ မီးသွေးတုံးကြီးတွေလို ဖြစ်နေတယ်” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့အဝင် အေးရှားဝေါလ်တိုးဂိတ် တိုက်ခိုက်ခံရခြင်းတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။

“အထိအခိုက်ကတော့ တော်တော်များတယ်။ အဲ့ဒီနားက ဆီရောင်းတဲ့နေရာပါ မီးလောင်သွားတာဆိုတော့။ ကားတွေလည်း တော်တော်ပျက်စီးတယ်။ နောက်ပြီး အေးရှားဝေါလ်ဂိတ်လည်းရှိတယ်။ သူ့ဘေးနားပတ်ဝန်းကျင်လည်း တော်တော်များများထိတယ်။ အေးရှားဝေါလ်ဂိတ် ပတ်ဝန်းကျင်မှာကလည်း အခိုင်အမာဂိတ်လုပ်ထားတာဆိုတော့ တချို့နေရာတွေမှာ တော်တော်တန်ဖိုးကြီးကြီး ပျက်စီးသွားတာပေါ့” ဟု ကျောက်မဲတိုးဂိတ်တွင် ဖြစ်ပွားခဲ့သည့်အခြေအနေများကို အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် လက်နက်ကြီးအနည်းငယ်မှအပ အခြားမည်သည့်အသံမျှမကြားရဘဲ ငြိမ်သက်နေကြောင်း ကျောက်မဲမြို့ခံများထံမှ သိရသည်။

“ဒီနေ့မနက်ကတော့ တစ်နာရီခြား ဝန်းကျင်လောက်က လက်နက်ကြီးသံတော့ ကြားနေရတယ်။ နှစ်လုံး သုံးလုံးပစ်တဲ့အသံပေါ့။ ကျန်တဲ့အချိန်တော့ ငြိမ်နေပါတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent