ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယုကျေးရွာအုပ်စု ၁၀၅ မိုင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်စခန်းအတွင်း နိုဝင်ဘာ ၂၆ ရက် ညပိုင်းက တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သွင်းကုန် ကုန်စစ် ရုံအဆောက်ဦးများ ပျက်စီးခဲ့ရကြောင်းနှင့် ကုန်သွယ်ရေးဇုန်အပြင်ဘက်၌ ယာဉ်မောင်းတစ်ဦးသေဆုံးကာ တစ်ဦးထိမှန်ဒဏ်ရာခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း ပေါက်ကွဲမှုကြောင့် သွင်းကုန် ကုန်စစ်ရုံအဆောက်အဦးများ၊ ဇုန်အတွင်းရှိ ကုန်တင်ကားတစ်ချို့ ပျက်စီးမှုရှိခဲ့ပြီး ကုန်သွယ်ရေးဇုန် ပြင်ပရှိ ၁၀၅ မိုင် မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေးရှိ Best Family တည်းခိုခန်း တိုက်တန်းနှင့် လူနေအိမ်တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် သစ်သီးဝလံ ကုန်စည်ဒိုင် ညစောင့်တစ်ဦး၏ ညာဘက်ခြေကျင်းဝတ် ဖေါက်ဝင်ဒဏ်ရာရရှိခဲ့ကာ ကားမောင်သူတစ်ဦးမှာ ညာဘက် ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့က တစ်နေ့လုံးနီးပါး လက်နက်ကြီး လက်နက်ငယ်သံတွေကြားရတယ်၊ ဘုရားကုန်းဘက်နဲ့ တပ်စခန်းကုန်းတို့အပြန်အလှန်ပစ်ကြတာ၊ ညနေ ၆ နာရီကျော် နောက်ပိုင်းမှာ ကုန်သွယ်ရေးဇုန်ပေါ်မှာ ဒရုန်းတွေအများကြီးဝဲနေတာ၊ ည ၉ နာရီကျော်တော့ ကုန်သွယ်ရေးဇုန်ထဲ လက်နက်ကြီး သုံးလုံး ရှေ့ဆင့်နောက်ဆင့်ကျတာ၊ ညလည်းဖြစ်တာကကြောင်း စစ်မက်ဖြစ်တာကတစ်ကြောင်း ဘယ်လောက်ထိထားတယ်ဆိုတာ မသိရဘူး၊ ကားလမ်းပေါ်မောင်းသွားတဲ့ ကားသေးဆရာတော့ ဝမ်းဗိုက်ကျည်ထိပြီးတော့ ဆုံးသွားတယ်” ဟု ၁၀၅ မိုင် မိုင်ယုကျေးရွာနေ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အတူ ဒဏ်ရာရရှိသူကို ပါရမီလူမှုကူညီရေးအသင်းကားဖြင့် ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက် ၇ နာရီအချိန်ခန့်က မူဆယ်ဆေးရုံသို့ ဆေးဝါးကုသနိုင်ရန်ကူညီပို့ဆောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန်၊ မိုင်းယုကျေးရွာအုက်စု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလကျောင်းတိုက်အတွင်းသို့ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၄၉ မိနစ်အချိန်ခန့်က ဒရုန်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး ထိမျန်ဒဏ်ရာရရှိခဲ့ပြီး သာသနိက အဆောက်အဦးများနှင့် ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးယာယိီနယ်စပ်ဂိတ် ကျင်စန်းကျော့ဂိတ်အနီး လွယ်အင်ကျေးရွာရှိ ဆဲဗင်းဟွာကျင့် ကုန်ချိန်းကွင်း၌ နိုဝင်ဘာ ၂၃ ရက်က ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သွင်းကုန်ကားအစီး ၁၂၈ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၂၅ရက် တွင် MNDAA နှင့် မဟာမိတ်တပ်ပေါင်းစုက ကျင်စန်းကျော့ ယာယီနယ်စပ်ဂိတ်တွင် ဝင်ရောက်နေယူထားပြီး ရွှေလွယ်အင် ကုန်ချိန်းကွင်း (A)၊(B)၊ Shweli River ကုန်ချိန်းကွင်းနှင့် ဆဲဗင်းဟွာကျင့် ကုန်ချိန်းကွင်းတို့ကို ထိန်းချုပ်ထားကာ၊ ဝန်ထမ်းများအားလုံးအား ထွက်သွားစေခဲ့ကြောင်း လွယ်အင်ကျေးရွာနေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ၂၇ ရက်မှစတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်သည့် MNDAA၊TNLA၊ AA တို့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်မြို့ အပါအဝင် လောက်ကိုင်၊ ကွန်းလုံ၊ သိန္နီ၊ လားရှိုး၊ ကွက်ခိုင်၊ နမ့်ခမ်းတို့ကို နယ်မြေခွဲကာ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ မှစတင်ကာ ရှမ်းမြောက်တခွင် တိုက်ပွဲကြီးငယ်များဖြစ်ပွားခဲ့ပြီးနောက် ၎င်းမဟာမိတ်အဖွဲ့သည် တရုတ် မြန်မာနယ်စပ်တစ်လျှောက် ရှိ တပ်စခန်းနှင့် မုံးကိုး-မန်ဟိုင်း နယ်စပ်ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) - ဝမ်တိန်နယ်စပ်ဂိတ်၊ မူဆယ်ကျင်စန်းကျော့ - ဝမ်တိန်နယ်စပ်ဂိတ်၊ ချင်းရွှေဟော် - မိန်းတိန် နယ်စပ်ဂိတ်များကို ဝင်ရောက်ထိန်းချုပ်ထားသည်ဟု သိရသည်။