ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြုးရေးဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီ သုံးခုသာ ပါဝင်လာကြောင်း သိရသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရန်စီစဉ်နေပြီး ဦးဆောင်ကော်မတီတစ်ရပ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဖွဲ့စည်းခဲ့သည်။
မူလက ဖွဲ့စည်းထားသည့် ကော်မတီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကော်မတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ Star High Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil Co.,Ltd မှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် Yetagon Energy Trading Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များစျေးကွက်ရှာဖွေရေး နှင့် သုတေသနဌာနမှ အထွေထွေမန်နေဂျာ က တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၂၂) တွင် ဖော်ပြထားချက်အရ သိရသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ဥက္ကဌမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဖြစ်ပြီး အတွင်းရေးမှူးမှာ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။
အဖွဲ့ဝင်များမှာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တွဲဘက်အတွင်းရေးမှူးမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များစျေးကွက်ရှာဖွေရေး နှင့် သုတေသနဌာနမှ အထွေထွေမန်နေဂျာတို့ပါဝင်ကြောင်း သိရသည်။
ယခင်က အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီများမှာ Star High Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil Co.,Ltd မှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ Yetagon Energy Trading Co.,Ltd မှ အမှု ဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့ဖြစ်သည်။
ယခုပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် Star High Co.,Ltd နှင့်Yetagon Energy Trading တို့သာ ပါဝင်လာပြီး Brighter Energy နှင့် Best Oil Co.,Ltd တို့ ပါဝင်လာခြင်းမရှိဘဲ SWAN Energy ကုမ္ပဏီမှ ဦးဝင်းကျော်ကျော်အောင်မှာ ကုမ္ပဏီအသစ်အဖြစ် ပါဝင်လာသည်ကို တွေ့ရသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေးမူဝါဒ လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက် အပေါ်မူတည်၍ စက်သုံးဆီများ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီ မှန်ကန်ပြီး စျေးနှုန်း သက်သာသည့် စက်သုံးဆီများ ဝယ်ယူတင်သွင်း၍ ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊ စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေးပမာဏအား နိုင်ငံ တော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများအချိန်မီရောက် ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများ ရောက်ရှိလာချိန်တွင် အချိန်မီအရည်အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှုရှိ မရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်ဆေးရန်၊ သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန်၊ တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ သတ်မှတ်ချက်များအတိုင်းလိုက် နာဆောင်ရွက်ရေး ကြပ်မတ်ရန်၊ ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက်ဓာတုဗေဒပစ္စည်းများအပြင် အခြားလိုအပ်ချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စသည့်အချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















