မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ နှစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ နှစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်
Published 14 November 2023

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ နှစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်သည်။

ဖြစ်ပွားဆဲလက်နက်ကိုင်ပဋိပက္ခများ၊ မုတ်သုံရေကြီးရေလျှံမှုနှင့် ဝင်ရောက်ကူညီခွင့် အတားအဆီးများက နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေကြောင်း UNOCHA က ဆိုသည်။ 

အောက်တိုဘာ ၂၇ ရက်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွားနေသော ပြင်းထန်သောတိုက်ပွဲများကြောင့် လူဦးရေ ၅၀,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ လက်ရှိတွင် လူဦးရေ နှစ်သန်းကျော်သည် နိုင်ငံတစ်ဝှမ်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆက်မပြတ် မုတ်သုံရေကြီးရေလျှံမှုများကြောင့် အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ဆိုးရွားသော စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်ရောက်ကူညီခွင့်ဆိုင်ရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်များကြောင့် ကယ်ဆယ်ရေးအကူအညီပေးရန် စီစဉ်ကြိုးစားထားသည်များကို ကြာမြင့်စွာနှောင့်နှေးစေခြင်း သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများကို ပိုမိုထိခိုက်ခံစားရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်းနှင့် ထပ်တိုးရန်ပုံငွေရရှိရေးနှင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များဖြည်လျှော့ပေးခြင်းများ အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent