အင်ဒို-ပစိဖိတ်ဒေသအတွက် အလယ်အလတ်ပါ၀ါ သို့မဟုတ် အာဆီယံ

အင်ဒို-ပစိဖိတ်ဒေသအတွက် အလယ်အလတ်ပါ၀ါ သို့မဟုတ် အာဆီယံ
Published 12 November 2023

(၁)

အသစ်ပေါ်ပေါက်လာသော အင်ဒို-ပစိဖိတ်ဒေသ ပထဝီမဟာဗျူဟာတည်ဆောက်မှု (Geostrategic Construct) သည် ဒေသတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများတွင် အရှိန်ရနေသည့် အရွေ့တစ်ခုဖြစ်သည်။ လူသိများကျော်ကြားခဲ့သော အာရှပစိဖိတ်ဆိုင်ရာ မူဘောင် (Asia Pacific Framework) ကို အစားထိုးနေရာယူမည့် အစီအစဉ်သစ်တစ်ခု၏ အရုဏ်ဦးအခြေအနေလည်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများသည် ကနဦး ကြိုတင်အစီအမံများရှိသော်လည်း အင်ဒို-ပစိဖိတ်ဒေသအတွင်း ပကတိအခြေအနေမှန်ကို သဘောပေါက်လာခဲ့ပြီးနောက် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုဆိုင်ရာ လမ်းညွှန်မူဘောင်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်မည့် အဆိုပါအစီအစဉ်ကို တဖြည်းဖြည်း လက်ခံယုံကြည်လာသည်။

(၂)

ယခုဖြစ်ပေါ်လာသည့်အားထုတ်မှု၏ အဓိကဗဟိုချက်မတွင် အင်ဒို-ပစိဖိတ် မဟာဗျူဟာ၌ ရှင်းရှင်းလင်းလင်းဖော်ထုတ်ထားသည့် “တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေး” အမေရိကန်၏ ရှုမြင်သုံးသပ်မှုရှိနေသည်။ ထိုမဟာဗျူဟာ ရည်မှန်းချက်အောင်မြင်စေရန်အတွက် အမေရိကန်သည် တရုတ်ကို တမင်ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားသည့်အစီအစဉ်များဖြင့် ပဏာမခြေလှမ်းများ လျှောက်လှမ်းနေသည်ကိုလည်း တွေ့မြင်ရသည်။ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည့် ကွာဒ့် (Quad) ခေါ်‌ လေးနိုင်ငံလုံခြုံရေးဆွေးနွေးပွဲ (Quadrilateral Security Dialogue)၊ သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သော အော့ကပ်စ် (AUKUS) ခေါ် သုံးနိုင်ငံလုံခြုံရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (Trilateral Security Partnership) နှင့် အင်ဒို-ပစိဖိတ် ချမ်းသာကြွယ်ဝရေး စီးပွားရေးမူဘောင် (Indo Pacific Economic Framework for Prosperity-IPEF) တို့သည်လည်း အမေရိကန်ဦးဆောင်သည့် လှုပ်ရှားမှုများဖြစ်သည်။

အမေရိကန်ဦးဆောင်သော ကြိုးပမ်းဆောင်ရွက်မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည်လည်း ၎င်း၏ မဟာမိတ်များနှင့် ဆက်ဆံရေးအားကောင်းစေရေး ထောက်ပံ့ကူညီမှုများမြှင့်တင်ရေး၊ စစ်ရေးကျွမ်းကျင်မှုနှင့် စစ်အင်အားကြီးထွားလာစေရေးအတွက် ရည်ရွယ်ထားသည့် မဟာဗျူဟာမြောက် အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ထူးခြားမှုမှာ တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများသည့် ယခင်ကာ လများမှစ၍ ယခုအချိန်အထိ သဘောထား ကွဲလွဲမှုဖြစ်နေသော၊ ဒေသတွင်း၌ အမြဲတမ်း လှုပ်လှုပ်ရှားရှားဖြစ်နေတတ်သည့် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတို့ကို ဗဟိုပြုနေသည်။

 

(၃)

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ပြိုင်ဆိုင်မှုသည် ၎င်းတို့၏ ကိုယ်ပိုင်အင်အားကို ကျော်လွန်၍ လည်းကောင်း၊ ဖြစ်သင့်သည့်ထက် ပိုမိုလွန်ကဲ၍လည်းကောင်းဖြစ်ပေါ်လျက်ရှိသည်။ တဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ မူဘောင်၏ စည်းမျဉ်းများ၊ စံနှုန်းများကို တက်ကြွစွာ ပုံဖော်နေသည့် ပြိုင်ပွဲတစ်ခုသကဲ့သို့ ဖြစ်နေ၏။

ထိုကဲ့သို့ အင်အားကြီးနိုင်ငံနှစ်နိုင်ငံ ပြိုင်ဆိုင်မှုများသည် အာဆီယံအဖွဲ့အတွက်  စိုးရိမ်အမှတ်ရေချိန် မြင့်တက်လာစေသည်။ ထိုနှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသော အခြေအနေများ၏ သက်ရောက်မှုများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား “ဘက်ရွေးချယ်မှု” ဖြစ်လာစေရန် ဖိအားများလည်း ဖြစ်လာ၏။ သေချာသည်မှာ အာဆီယံအဖွဲ့အတွင်း အက်ကွဲကြောင်းဖန်တီးလာနိုင်သည့် အလားအလာ ဖြစ်လာနေသည်ဟု သုံးသပ်ကြသည်။   

ထို့ပြင် မထင်မှတ်ထားသော အရှိန်မြင့်တက်မှုများသည် နောက်ဆုံးတွင် ပြင်းထန်သောပဋိပက္ခများဆီသို့ ဦးတည်သွားမည့် အလားအလာများရှိနေသည်။ ထိုအခြေအနေများကို သူစီဒီးဒက်စ် ထောင်ချောက် (Thucydides) ဟုရည်ညွှန်းလျက် စိုးရိမ်မှုများရှိနေကြ၏။ ထိုဝေါဟာရကို ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံရေးသိပ္ပံ စာရေးဆရာ ဂရဟမ်အလီဆန် (Graham Allison) က ၎င်းရေးသားခဲ့သည့်  “Destined for War Can America and China Escape Thucydides Trap?” စာအုပ်တွင်အသုံးပြုခဲ့သည်။ သမိုင်းပညာရှင် သူစီဒီးဒက်စ် အမည်ကို အစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ အင်အားကြီးမားမှုဖြစ်လာခြင်းသည် လက်ရှိအင်အားကြီးလွှမ်းမိုးနေသော နိုင်ငံတစ်နိုင်ငံကို အကြောက်တရားဖြစ်လာစေကာ အင်အားအလွန်အကျွံသုံးလာခြင်း၊ နောက်ဆုံး၌စစ်ပွဲကို ဦးတည်လာနိုင်သည် ဟူသော အယူအဆဖြစ်သည်။  

(၄)

ထိုသို့ရှုပ်ထွေးလျက်ရှိသည့် အခြေအနေများကြားတွင် အမေရိကန်နှင့် တရုတ် နှစ်ဖက်စလုံးအဖြေရှာနေကြသည်။ တစ်ဖက်နှင့်တစ်ဖက် အားနည်းနေကြောင်း အထင်ခံရမည်ကို စိုးထိတ်လျက် နှစ်ဖက်စလုံးလှုပ်ရှားမှုများကို အရှိန်လျှော့ချခြင်း၊ ခြေလှမ်းများ ပြန်လည်နောက်ဆုတ်ခြင်းတို့ပြုလုပ်ရန် တွန့်ဆုတ်နေကြသည်။ အင်အားကြီးနှစ်နိုင်ငံကြား ထွက်ပေါက်ပိတ်နေသည့် အခြေအနေဖြင့် ပြိုင်ဆိုင်မှုများ ပြင်းထန်နေစဉ်မှာပင် ၎င်းတို့၏ ဆုံးဖြတ်ချက်များ မှားယွင်းလာနိုင်သည်။ အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံရေးကို တွန်းအားပေးနိုင်မည့် နှစ်ဖက်ယုံကြည်မှုရှိသော တတိယအုပ်စု သို့မဟုတ် အလယ်အလတ် အင်အားတစ်ရပ် လိုအပ်နေသည်ဟု ရှုမြင်ကြသည်။

ထို့ပြင်အားကောင်းသော သံတမန်စွမ်းရည်နှင့် လုံလောက်သောအရင်းအမြစ်များရှိသည့် အလတ်အလတ်ပါ၀ါအားကောင်းသည့် နိုင်ငံများ၏ အခန်းကဏ္ဍသည် သိသိသာသာအရေးပါလာခဲ့သည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံသည် အော်တဝါစာချုပ် (Ottawa Treaty) မှတစ်ဆင့် ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းများ တားမြစ်ပိတ်ပင်ရေး ဆော်သြနိုင်မှုတွင် အခန်းကဏ္ဍရှိခဲ့ပြီး နော်ဝေနိုင်ငံသည်လည်း အော်စလိုသဘောတူညီချက် (Oslo Accords) မှတစ်ဆင့် အစ္စရေးနှင့် ပါလက်စတိုင်းကြား တိုက်ရိုက်ညှိနှိုင်းမှုများကို ပံ့ပိုးပေးကာ အလယ်အလတ်ပါ၀ါကို ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့သည်။ 

အာရှဒေသတွင်လည်း ဂျပန်နိုင်ငံ၏ တက်ကြွ၍အရေးပါသည့် အခန်းကဏ္ဍရှိခဲ့သည်ကို ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ” ဆိုင်ရာ မိန့်ခွန်းက သက်သေပြလျက်ရှိသည်။ ဂျပန်နိုင်ငံသည် နယ်ပယ်အသီးသီး၌ ၎င်း၏အလယ်အလတ်သံခင်းတမန်ခင်း လုပ်ဆောင်မှုစွမ်းရည်ကို ပြသခဲ့သည်။ အထူးသဖြင့် ကျိုတိုပရိုတိုကော (Kyoto Protocol) တွင် ပါဝင်ဆောင်ရွက်လျက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွမှုကို ပြသနိုင်ခဲ့သည်။ မကြာသေးမီကလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်က အားပေးမြှင့်တင်လုပ်ဆောင်နေသည့် Data Free Flow with Trust အစီအစဉ် အစပျိုးလုပ်ဆောင်မှုတွင် ဂျပန်ုနိုင်ငံသည် ထောက်ခံအားပေးလျက် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။

(၅)

လက်ရှိကြုံတွေ့နေရသော အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်-တရုတ် နှစ်နိုင်ငံ အပြိုင်အဆိုင်ဖြစ်ပေါ်နေမှုကို အလတ်အလတ်ပါ၀ါ သံခင်းတမန်ခင်းဖြင့် ကြားဝင်ညှိနှိုင်း စီစဉ်ပေးနိုင်ရန် မလွယ်ကူပေ။ ဝင်ရောက်ဖြေရှင်းပေးရမည် ဝန်ထုပ်ဝန်ပိုးသည် အရင်းအမြစ်ကန့်သတ်ချက်များ၊ ပြည်တွင်းရေးရာ စဉ်းစားဆုံးဖြတ်စရာကိစ္စများစသည့် အခက်အခဲများရှိနေသဖြင့် တစ်နိုင်ငံချင်း လုပ်ဆောင်နိုင်မှု စွမ်းရည်အပေါ် ကျော်လွန်လျက်ရှိနေသည်။ ထို့ကြောင့် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အာဆီယံအခန်းကဏ္ဍကို သတိပြုမိလာသည်။ အာဆီယံသည် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်သည်။ အင်အားကြီးနှစ်နိုင်ငံစလုံးသည် အာဆီယံ၏ အဓိကဆွေးနွေးဖက်များလည်းဖြစ်သကဲ့သို့  အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ နှစ်စဉ်ကျင်းပလေ့သည့် အရှေ့အာရှထိပ်သီး အစည်းအဝေး (EAS) နှင့် အာဆီယံဒေသတွင်း ဖိုရမ် (ARF) ကဲ့သို့သော အာဆီယံဦးဆောင်သည့် ဖိုရမ်အများအပြားတွင် ပါဝင်သည့် နိုင်ငံများဖြစ်နေသည်။

အာဆီယံအဖွဲ့ စွမ်းနိုင်ပါမည်လော။ အာဆီယံ၏အခြေအနေနှင့် စွမ်းဆောင်ရည်ကိုလေ့လာပါက အာဆီယံသည် စုစုပေါင်း ဂျီဒီပီ (GDP) အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅  ထရီလီယံ၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၄၅ ဒသမ ၂  ဘီလျံတို့ဖြင့် ကမ္ဘာ့ပဥ္စမအကြီးဆုံးစီးပွားရေးအင်အား စုအဖြစ်ရပ်တည်နေသည်။ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းသွားလာရေးအတွက် အရေးပါသော လမ်းပန်းဆက်သွယ်ရေးဖြစ်သည့် မလက္ကာရေလက်ကြားနှင့်အတူ မဟာဗျူဟာမြောက်တည်နေရာတွင် တည်ရှိနေသည်။ နှစ်စဉ်ကမ္ဘာ့ရေကြောင်း ကုန်တင်ကုန်ချပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်ကို သင်္ဘောအစင်း ၉၀၀၀၀ နီးပါးက ထိုလမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းသယ်ယူပို့ဆောင်ပေးနေသည်။

ထိုအခြေအနေများကိုကြည့်ခြင်းအားဖြင့် အာဆီယံသည် ဒေသဆိုင်ရာအခြေအနေ၊ အစီအစဉ်သစ်တစ်ရပ်ကို ပုံဖော်နိုင်သည့် အလားအလာရှိနေသည်ဟု ယူဆကြသည်။ ပဋိပက္ခဖြေရှင်းရေးတွင်လည်း အာဆီယံသည် အလယ်အလတ်ပါ၀ါအားဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ကို ၁၉၈၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယား ပဋိပက္ခဖြေရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကူညီမှုရရှိရန် လှုံ့ဆော်ပေးနိုင်သည့်စွမ်းရည်က သက်သေအဖြစ်ရှိနေသည်။ 

သို့သော်လည်း အလယ်အလတ်ပါ၀ါအခန်းကဏ္ဍကို သဘောတူလက်ခံခြင်းသည် အာဆီယံအတွက် စိန်ခေါ်မှုများဖြစ်သည်ကို သဘောက်ပေါက်ရန်လည်း အရေးကြီးသည်။ စိန်ခေါ်မှုများထဲတွင် ဘဏ္ဍာရေးနှင့် လူသားစွမ်းရည်ကန့်သတ်ချက်များ ပါဝင်သည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံသည် အခြားသောနိုင်ငံများ၊ ဒေသများ၊ အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန် ဆက်ဆံမှုများပြု လုပ်ခြင်းအားဖြင့် အဆိုပါကန့်သတ်ချက်များကို ကျော်လွှားနိုင်မည့်အလားအလာများလည်းရှိနေသည်။ အဓိကအချက်မှာ အာဆီယံအဖွဲ့၏အင်အားကို စည်းလုံးညီညွတ်စွာ ရှေ့တန်းတွင်ထုတ်ပြနိုင်ခြင်းနှင့် အစီအစဉ်များကို ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

(၆)

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ဂယက်ရိုက်ခတ်မှုများမှ အရှေ့တောင်အာရှဒေသကို ကာကွယ်ရန်အတွက် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ စည်းမျဉ်းများ ရေးသားရာတွင် အာဆီယံသည် စောင့်ကြည့်လေ့လာသူ သက်သက်အခြေအနေဖြင့် မရပ်တည်ခဲ့ပေ။ အရှေ့တောင်အာရှဒေသကို တိုက်ရိုက်သက်ရောက်မှုရှိသော စည်းမျဉ်းများကို ဒေသနှင့်သင့်တော်သည့် အခြေအနေရှိလာစေရန် တက်ကြွစွာ ပုံဖော်နိုင်သည့် ချဉ်းကပ်မှုကို ကျင့်သုံးရန် လိုအပ်သည်။ အာဆီယံလုပ်ဆောင်နိုင်သည့် ထိရောက်သောနည်းလမ်းတစ်ခုတွင် အရှေ့တောင်အာရှကျွန်းစုဒေသကို အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုမှကင်းလွတ်သော နယ်မြေအဖြစ် သတ်မှတ်ခြင်းဖြစ်နိုင်သည်။

ဤအရေးကြီးသောဆောင်ရွက်ချက်တွင် အရှေ့တောင်အာရှကျွန်းစုများကြားနေရေးမူဘောင် (Southeast Asian Archipelago Neutrality Framework-SEAANF) ထူထောင်ရေးအတွက် ထောက်ခံဆော်သြခြင်းဖြင့် အာဆီယံသည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရပ်တည်နိုင်ခဲ့သည်။ အာဆီယံသည် အလယ်အလတ်ပါ၀ါအဖြစ် အခိုင်အမာရပ်တည်၍ ပါဝင်ပတ်သက်ခြင်းဖြင့်  SEAANF အတွက် အင်အားကြီးနှစ်နိုင်ငံစလုံး၏ ထောက်ခံမှုရရှိစေရန် လုပ်ဆောင်နိုင်ပြီး နောက်ဆုံးတွင် အများလက်ခံနိုင်သည့် အခြအနေတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်သည်။ ဤသို့အားဖြင့် အရှေ့တောင်အာရှ ရေကြောင်းဇုန်များကို ကြားခံနယ်မြေအဖြစ် ပေါင်းစည်းပေးနိုင်ခြင်းဖြင့် SEAANF ကို အာဆီယံ၏လုပ်ဆောင်နေကျ ကိရိယာများနှင့်မတူသည့် ကွဲပြားခြားနားမှုအဖြစ် မြင်တွေ့ကြရလိမ့်မည်ဖြစ်သည်။ 

(၇)

SEAANF (Southeast Asian Archipelago Neutrality Framework-SEAANF) ၏ စွမ်းရည်အာနိသင်မှာ အင်ဒို-ပစိဖိတ်ဒေသတွင် အဓိကအင်အားကြီးနိုင်ငံများ၏ အတင်းအကျပ် ဖိအားပေးခံရခြင်းမရှိဘဲ ငြိမ်းချမ်းစွာဖြင့်ဒေသဖွံ့ဖြိုးတိုးတက်စေသည့် အာဆီယံ၏လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်လိမ့်မည်။ ထို့ပြင် ကြားနေဇုန်သည် ဖိအားများ မခံစားရဘဲ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံကြား အပြုသဘောဆောင်သော ဆက်ဆံနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုလည်း ယူဆကြသည်။  အပြန်အလှန်တုံ့ပြန်မှုများ၊ ဆွေးနွေးမှုများသည် အာဆီယံထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲ အစည်းအဝေး သို့မဟုတ် နှစ်နိုင်ငံစလုံးပါဝင်သည့် အာဆီယံဦးဆောင်သော ဖိုရမ်တစ်ခုခုတွင် ဖြစ်ပေါ်လာနိုင်သည်။ အာဆီယံအဖွဲ့အနေဖြင့် ကြိုတင်စဉ်းစားထားသင့်ပြီး ပြင်ဆင်ထားသည့်အရာများတွင်  အောက်ပါမဏ္ဍိုင်များဖြင့် အာဆီယံ၏မူဘောင်ကို တည်ဆောက်ထားနိုင်ရန်လိုသည်။

 

(၁) ကျွန်းစုဒေသ ကြားနေမှု

(Archipelagic Neutrality)

အရှေ့တောင်အာရှကျွန်းစုဧရိယာသည် ကုန်းမြေနှင့် ရေကြောင်းဇုန် နှစ်ခုစလုံးတွင် ကြားနေမှုကို အလေးပေးလုပ်ဆောင်ထားခြင်းသည် အင်အားကြီးနိုင်ငံများပြိုင်ဆိုင်မှုများမှ ကင်းလွတ်နေမှုကို သေချာစေခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတကာဥပဒေနှင့် ချမှတ်ထားသော စံနှုန်းများကို လိုက်နာရေး၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုဇုန် (Zone of Peace, Freedom and Neutrality-ZOPEAN) ကြေညာချက်နှင့် ညှိနှိုင်းဆဲဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း ကျင့်သုံးရမည့်စံ သတ်မှတ်ချက်ကျင့်ဝတ်များမှတစ်ဆင့် ဒေသပြင်ပမှ နှောင့်ယှက်မှုများ ကင်းလွတ်ရေးအတွက် ရည်ရွယ်သည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လိုက်နာရမည့် ကျင့်ဝတ်ကျင့်ထုံးကို အလျင်အမြန် အပြီးသတ်ရန် ချဉ်းကပ်မှုအသစ်များကိုလည်း ရှာဖွေသင့်သည်။

(၂) ဒေသတွင်း လုံခြုံရေး

(Regional Security)

စံနှုန်းများကို မြှင့်တင်ခြင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း  (UN Charter)၊ အာဆီယံချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (ASEAN Treaty of Amity and Cooperation-TAC) နှင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်များ ကင်းမဲ့ရေးသဘောတူစာချုပ် (Southeast Asian Nuclear Weapons –Free Treaty SEANWFZ) များမှ အချက်များကို ပေါင်းစပ်ခြင်းဖြင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် မူလစံသတ်မှတ်ချက်များကို မြှင့်တင်အားပေးနိုင်သည်။ အာဆီယံသည် SEANWFZ စာချုပ်ကို အသိအမှတ်ပြုနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထံမှ ထောက်ခံမှုများရရှိရန် တောင်းဆိုမှုများ ပြုလုပ်၍ ထပ်မံအားထုတ်သင့်သည်။

(၃)စီးပွားရေး သာယာဝပြောမှု

(Economic Prosperity)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏အခြေခံမူများကို အခြေခံထားသည့် အားလုံးပါဝင်နိုင်သော၊ ရေရှည်ခံသော၊ ဆန်းသစ်မှုရှိသော၊ အားလုံးပေါင်းစည်းမှုရှိသော အင်ဒို-ပစိဖိတ်စီးပွားရေးကို မြှင့်တင်ပေးခြင်းဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေးတည်ငြိမ်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုတို့ကို  သေချာမှုရှိစေရေးအားထုတ်နေစဉ်မှာပင် ပါဝင်ပတ်သက်မှုရှိသည့် နိုင်ငံများအားလုံး ဥပဒေအညီအလေး ထားမှုရှိစေရေးလုပ်ဆောင်ရန်ဖြစ်သည်။ 

(၄) အာဆီယံ ဗဟိုပြုမှု

(ASEAN Centrality)

အရှေ့တောင်အာရှဒေသတွင်း၌ အာဆီယံ၏ အဓိကကျသောအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ အာဆီယံအဖွဲ့သည် ဤဒေသဆိုင်ရာအရေးအရာများတွင် ဗဟိုချက်မဖြစ်မှုကို မြှင့်တင်ဆုပ်ကိုင်ထား ခြင်းအားဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်း  ပြောင်းလဲဖြစ်ပေါ်လာနေသော ပထဝီနိုင်ငံရေး အခင်းအကျင်းကို ပုံဖော်ရာ၌ အဓိကမောင်းနှင်သူအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

 နိဂုံးချုပ်ဆိုရလျှင် အချိန်နှင့်အမျှ အပြောင်းအလဲများဖြစ်ပေါ်နေသော နိုင်ငံတကာနှင့်  ဒေသတွင်းအရေးကိစ္စများတွင် တောင်းဆိုလာသော အခြေအနေ၊ သိသာထင်ရှားသော အခွင့်အလမ်းများနှင့်အတူ အာဆီယံအဖွဲ့၏ အခန်းကဏ္ဍကြီးမားလာသည်ကို မြင်တွေ့နေရသည်။ ထို့ကြောင့် ယခုအချိန်တွင် အာဆီယံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အလယ်အလတ်ပါ၀ါအဖြစ် အခိုင်အမာရပ်တည်ပြီး အရေးပါသော ပလေယာဖြစ်လာနေသည်ဟု အခိုင်အမာဆိုနိုင်ပေသည်။ အရှိန်ရနေပြီဖြစ်သော ထိုအခွင့်အလမ်းကို မိမိရရ ဆုပ်ကိုင်နိုင်ရန်နှင့် ဒေသတွင်းခိုင်မာသော အင်အားတစ်ရပ် တည်ဆောက်နိုင်ရန်မှာ အာဆီယံခေါင်းဆောင်များအနေဖြင့် တစ်နိုင်ငံချင်းအကျိုး စီးပွားထက် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားကို ဦးစားပေး၍ စဉ်းစားလုပ်ဆောင်သင့်သည်ဟု အကြုံပြုကြသည်။  

Ref:ASEAN As An Indo Pacific Middle Power

စောနိုင် (အသုံးချဘောဂဗေဒ)

Most Read

Most Recent