မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ
Photo: Verywell Health
Photo: Verywell Health
Published 12 November 2023
Written By -ဒေါက်တာလွင်သန့်

မျောက်ကျောက်ရောဂါ(m.pox) ဆိုတာကျောက်ကြီးရောဂါဖြစ်စေတဲ့ဗိုင်းရပ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်တစ်မျိုး ဖြစ်ပါတယ်။ ကူးစက်တက်တဲ့ရောဂါဖြစ်ပါတယ်။ ၁၉၅၈ ဒိန်းမတ်သုတေသနက ခေါ်ယူခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့လို့ မျောက်ကျောက် (Monkey Pox) လို့ အမည်ပေးခဲ့တယ်။ အဆိုပါမျောက်ကျောက်ရောဂါဟာ ၁၉၇၀ ပြည့်နှစ်မှာ လူတွေဆီစတင်ကူးစက်ခဲ့ပါတယ်။ တိရစ္ဆာန်ကနေ လူတွေဆီ စတင်ကူးစက်မှုက အာဖရိက ဒေသတွင်းနိုင်ငံတစ်နိုင်ငံကစတင်ခဲ့ပြီး အခုလက်ရှိကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုရှိခဲ့ပြီးဖြစ်ပါတယ်။ အရှေ့တောင်အာရှ  အင်ဒိုနီးရှားနိုင်ငံမှာ ၂၅ ယောက် ကူးစက်နေပြီ ဖြစ်ပါတယ်။

အိပ်ချ်အိုင်ဗီ(HIV)ကူးစက်ခံထားရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦး အရေပြားပြည်တည်နာဖြစ်လို့ ဆေးကုသမှုခံယူစဉ် အမ်ပေါက်(m.pox)ကူးစက်မှုကြောင့် နိုဝင်ဘာ ၁ ရက်က သေဆုံးသွားကြောင်း သိရပါတယ်။ အိပ်ချ်အိုင်ဗီကူးစက်သူ၊ အမ်ပေါက်ကူးစက်သေဆုံးနိုင်ခြေ ခုနစ်ရာခိုင်နှုန်းရှိပြီး(m.pox) ရောဂါသေဆုံးမှုနှုန်း(သုည ဒသမ ၁- သုည ဒသမ ၃ ရာခိုင်နှုန်း)ခန့် သာရှိတယ်သိရပါတယ်။ ထိုင်ဝမ်မှာ (m.pox)ကူးစက်ခံရသူ ၃၃၅ ဦးရှိရာတိုင်ပေမှာ ကူးစက်ခံရသူ ၈၃ ဦးနဲ့ ကူးစက်မှုအမြင့်ဆုံးဖြစ်ပါတယ်။ (WHO) ကလူမျိုးခွဲခြားမှုရှောင်လွှဲဖို့ အမ်ပေါက်(m.pox)အဖြစ်အမည်ပေးခဲ့ခြင်းဖြစ်တယ်။

မျောက်ကျောက်ရောဂါ (သို့မဟုတ်) အမ်ပေါက်(m.pox)ဟာ အမ်ပေါက်(m.pox)ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ လူအချင်းချင်းကူးစက်နိုင်သလို တိရစ္ဆာန်ဆီကလည်းလူဆီကို ကူးစက်နိုင်တယ်။ ရောဂါပိုးကူးစက်ခံစားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ထိတွေ့တာ၊ ရောဂါပိုးပေကျံနေတဲ့ အရာဝတ္ထုတွေ မျက်နှာပြင်ကို ကိုင်တွယ်ထိတွေ့မိတာ၊အရေပြားပေါက် ပြဲတဲ့နေရာတွေကနေတစ်ဆင့် သွေး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည် တွေဝင်ရောက်ပြီးကူးစက်တာ၊ ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အမှုန်တွေ၊ အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကနေ ဝင်ရောက်တာကြောင့် ကူးစက်တာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကိုက်ခံရတာ၊ အနာထဲကို ရောဂါပိုးရှိတဲ့သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုးဝင်ရောက်တာ၊ ရောဂါပိုးရှိတဲ့တိရစ္ဆာန် အကုတ်ခံရတာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို နမ်းရှုပ်တာ၊  အရည်ကြည်ဖုက အရည်တွေ၊ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ်ထိတွေ့မိတာ၊ ရောဂါပိုးရှိသူနဲ့ အချိန်အတော်ကြာနီးနီး ကပ်ကပ်ထိတွေ့မိတာ၊ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေ အသုံးပြုမိတာ၊ ရောဂါပိုး ကူးစက်ခံထားရသူနဲ့ လိင်တူ၊ လိင်ကွဲ ဆက်ဆံမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။

မျောက်ကျောက်(ခ)အမ်ပေါက်(Monkey Pox)ရောဂါကို ကာကွယ်နိုင်ပါတယ်။ လက်ကိုရေ၊ ဆပ်ပြားတို့နဲ့စက္ကန့် ၂၀ ကျော်ဆေးကြောသင့်ပါတယ်။ တစ်ခုခုတိုင် တွယ်မိပြီးတိုင်း လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက် ဆေးကြောသင့်ပါတယ်။

မျက်နှာကိုလက်နဲ့မကိုင်သင့်ဘူး။ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်းတွေက တစ်ဆင့်လည်း မျောက်ကျောက်ရောဂါဗိုင်းရပ်က ဝင်ရောက်ကူးစက်နိုင်တာကြောင့် မျက်နှာကိုလက်နဲ့ကိုင်

တွယ်ထိတွေ့တာမျိုး မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ပါးစပ်နဲ့နှာခေါင်းစည်းကို အပြင်သွားတိုင်း ဝတ်ဆင် သင ့်ပါတယ်။

ခပ်ခွာခွာနေသင့်ပါတယ်။ အမ်ပေါက်(M Pox)ကလည်း လူတစ်ဦးစီကနေ တစ်ဦးစီကူးစက်နိုင်တာကြောင့် ခပ်ခွာခွာနေတာက နည်းလမ်းတစ်ရပ်ဖြစ်တယ်။ ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်ကိုင်တွယ် ထိတွေ့တာမျိုး ရှောင်သင့်တယ်။အနာကထွက်တဲ့ အရည်တွေ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါထွက်လာတဲ့အမှုန်တွေ၊ အနာဖတ်တွေနဲ့ ထိတွေ့တာကလည်း ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။

ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်တွေကို အသုံးပြုတာမလုပ်သင့်ပါဘူး။ ရောဂါပိုးရှိသူအသုံးပြုထားတဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကိုကိုင်တွယ်တာ၊ အသုံးပြုတာတွေ မလုပ်သင့်ပါဘူး။ အမ်ကျောက်ဗိုင်းရပ် ကူးစက်ခံရနိုင်ပါတယ်။

ပိုးသတ်သင့်ပါတယ်။ နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ အရာတွေကို ပုံမှန်လေး ပိုးသတ်သန့်စင်ပေး သင့်ပါတယ်။အများသုံးဘတ်စ်ကား လက်ကိုင်၊ တံခါးလက်ကိုင်တွေကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ၊ ရေ၊ ဟန်းဂျယ်နဲ့ဆေးသင့်ပါတယ်။စားပွဲ၊ ထိုင်ခုံလိုမျိုး၊ မျက်နှာပြင်တွေ အသုံးမပြုခင် အရက်ပြန်နဲ့ ပိုးသန့် စင်သင့်တယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်သင့်ပါတယ်။ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေလျှော့ချဖို့ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုပါတယ်။ အပြင်ကပြန်လာတိုင်း ခြေလက်ဆေးကြောတာ၊ ရေချိုးတာ လုပ်ပေးလို့ရသလို အဝတ်လဲတာ၊ ပိုးသတ်တာတွေလည်း လုပ်ပေးဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာကရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

အိပ်ရေးဝဝအိပ်သင့်ပါတယ်။တစ်ညကိုအိပ်ချိန်(၆-၈)နာရီ ပြည့်ပြည့်ဝ၀ အိပ်စက်သင့်ပါတယ်။ အာ ဟာရပြည့်ဝအောင် စားသင့်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တို့ မျှတအောင်စားပေးဖို့လိုတယ်။

တိရစ္ဆာန်တွေကို အကာအကွယ် မပါဘဲ ကိုင်တွယ်ခြင်းမပြုသင့်ပါဘူး။ တိရစ္ဆာန်တွေကိုအကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုးရှောင်သင့်ပါတယ်။ အဖျားကြီး သေဆုံးနေတဲ့တိရစ္ဆာန်တွေကနေ ရောဂါပိုးကူးစက်နိုင်လို့ အကာအကွယ်ဝတ်စုံဝတ်ပြီးမှ ကိုင်သင့်ပါတယ်။

မျောက်ကျောက်ရောဂါဟာ တောရိုင်းတိရစ္ဆာန်တွေက ကူးစက်သလိုလူအချင်းချင်းကူးစက်မှုရှိ လာတော့ သတိပြုဆင်ခြင်စရာများ ရှိလာပါတယ်။ ရောဂါသယ်ဆောင်တဲ့ တောရိုင်း(မျောက်) တိရစ္ဆာန်တွေရဲ့ဆီး‌၊ သွေး၊ တံတွေးစတဲ့ခန္ဓာကိုယ်က ထွက်ရှိတဲ့ အရည်တွေ၊  အညစ်အကြေးတွေ၊ တိရစ္ဆာန်အရေပြား ပေါ်မှာရှိတဲ့ အနာကွက်တွေကို တိုက်ရိုက်ထိတွေ့ရာကနေတစ်ဆင့် ကူးစက်နိုင်တယ်။

လူအချင်းချင်းကူးစက်နိုင်တဲ့ နည်းလမ်းတွေနဲ့လည်း တိုက်ရိုက်ထိတွေ့တာကနေ ကူးစက်နိုင်တယ်။ ရောဂါရှိသူရဲ့ အနာကိုထိတွေ့ရာ မှခန္ဓာကိုယ်မှ တစ်ဆင့်ထွက်လာတဲ့ အရည်၊အညစ်အကြေးတွေက တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူကအသက်ရှူလမ်းကြောင်းကနေ ထွက်လာပြီး အနီးအနားမှာရှိသူ တွေကိုတိုက်ရိုက်ဝင်ရောက် ကူးစက်စေတာနဲ့ရောဂါရှိသူရဲ့အဝတ်အစားတွေ၊ အိပ်ရာတွေမှာ ကပ်တင်နေတဲ့ ရောဂါပိုးတွေကိုလက်နဲ့ကိုင်တွယ်ပြီး လက်ကိုစနစ်တကျမဆေးကြောဘဲ ပါးစပ်၊နှာခေါင်းတွေကိုင် မိရာကနေ ကူးစက်နိုင်တယ်။ရောဂါရှိသူ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားထိကူးစက်နိုင်သလို လိင် ဆက်ဆံရာမှတစ်ဆင့်လည်း ကူးစက်နိုင်တယ်။ ကင်ညာနိုင်ငံမှာ သေဆုံးနေတဲ့ တောရိုင်းတိရစ္ဆာန် တွေချက်စားရာကနေ ကူးစက်တာဖြစ်လို့ တောရိုင်းတိရစ္ဆာန်များ စားသောက်ချက်ပြုတ်ပြင်ဆင်မှုဆင် ခြင်သင့်ပါတယ်။

ကိုဗစ်(COVID-19)ရောဂါနဲ့ ကူးစက်ပုံတူညီတဲ့အချက်ကအ သက်ရှူလမ်းကြောင်းနဲ့လက်ကနေ တစ်ဆင့်ကူးစက်နိုင်တာချင်း တူညီတာဖြစ်ပေမဲ့ မတူညီတဲ့အချက်က မျောက်ကျောက်ရောဂါပိုးဟာ ကိုဗစ် (COVID-19) ထက်ပိုပြီးလေးလံတာဖြစ်လို့ ရောဂါပိုးပါဝင်တဲ့ အစက်အမှုန်တွေကအောက်ကိုကျဆင်းတဲ့နှုန်း ပိုများပြီး လူတစ်ဦးနဲ့ တစ်ဦးအသက်ရှူလမ်းကြောင်းကနေ တိုက်ရိုက်ဝင်ရောက်ကူးစက်ဖို့အတွက် ရောဂါရှိသူနဲ့အချိန်အတော်ကြာ မျက်နှာချင်းဆိုင်စကား ပြောတွေ့ဆုံမှသာ ကူးစက်နိုင်တာ သိရှိရပါတယ်။ လူနာနဲ့အနီးကပ်ပြုစုနေတဲ့မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်နိုင်ခြေပို များသလိုမိခင်နို့ရည်မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါလက္ခဏာတွေက ကျောက်ကြီး (small pox) ရောဂါ၊ ရေကျောက်(chicken pox) ရောဂါတွေနဲ့ဆင်တူလို့ခွဲခြားရခက်ပေမဲ့ ရောဂါအစပိုင်း လက္ခဏာကြုံချိန်မှာပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားတာက အခြားရောဂါတွေနဲ့သိသကွဲပြားတဲ့အချက် ဖြစ်တယ်။မျောက်ကျောက်ရောဂါလို့ သံသယရှိရင် အနာခွက်ထဲကအရည်(သို့မဟုတ်)အနာဖေးကိုယူပြီး ဓာတ်ခွဲခန်းမှာ ပီစီအာအာဒီတီ (PCR-RTD Rapid Diagnostic Test) စစ်ဆေးရင် အခြားမျိုးအုပ်စု တူကျောက်ရောဂါတွေနဲ့ရောထွေးနိုင်ပါတယ်။ ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံထားတဲ့ အသက် (၄၀-၅၀)ကျော်အရွယ်တွေမှာ မျောက်ကျောက်ရောဂါကူးစက်နိုင်မှု အလွန်နည်းပါတယ်။ ၉၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။

ဥရောပဟာ ကမ္ဘာလုံးဆိုင်ရာ မျောက်ကျောက်ရောဂါကူးစက်မှုရဲ့ဗဟိုချက်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ဥေ ရာပဒေသမှာ ရောဂါကူးစက်သူပေါင်း ၁၅၀၀ ကျော်ရှိနေမှုနဲ့အတူ ဥရောပနိုင်ငံ ၂၅ နိုင်ငံမှ ရောဂါကူးစက်ခံရသူ ၁၅၉၉ ဦးကျော် ရှိကာတစ် ကမ္ဘာလုံးမျောက်ကျောက် ကူးစက်မှုရဲ့၈၅ ရာခိုင်နှုန်းနဲ့တူညီနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလော့ရဲ့ ဇွန်လ ၁၅ ရက်အဆိုအရ ဥရောပဒေသနိုင်ငံထဲမှာ ဗဟိုအာရှနိုင်ငံအချို့ပါဝင်ကာနိုင်ငံပေါင်း ၅၃ နိုင်ငံ ပါဝင်နေပါတယ်။

မျောက်ကျောက်ရောဂါမှာ အလယ်အာဖရိကကွန်ဂိုမျိုး(Central Africa)နဲ့ အနောက်အာဖရိက(West Africa) နှစ်မျိုးပါရှိပြီး အလယ်အာဖရိကမျိုးက ပြင်းထန်ကာသေဆုံးနှုန်း(၁ ဒသမ ၅-၃ ဒသမ ၆) ကြားရှိပါတယ်။မျောက်ကျောက်ဗိုင်းရပ်ကို မက္ကာကွေမျောက်တွေမှာ ပထမဆုံး‌တွေ့ရှိခဲ့ပေမဲ့ ရှဥ့်၊ ကြွက်စတဲ့ကိုက်ဖြတ်တတ်တဲ့တိရစ္ဆာန်များမှ ကူးစက်စေပါတယ်။

မျောက်ကျောက်လက္ခဏာတွေက အဖျားကြီးခြင်း၊ အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်အထက်ရှိခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း၊ ရေကျောက်လို အဖုအပိမ့်ထွက်ခြင်း၊ တစ်ကိုယ်လုံးပျံ့နှံ့သွားခြင်းတို့ ဖြစ်ပါတယ်။ ကူးစက်နှုန်းမှာ ကိုဗစ် (COVID-19)ထက်နိမ့်ပေမဲ့ အတူနေ မိသားစုဝင်နဲ့ ဆေးရုံဝန်ထမ်း၊ ကျန်းမာရေးအကူဝန်ထမ်းတွေမှာ ကူးစက်မှုများပါတယ်။ ကျောက်ကြီး (small pox)လို သေဆုံးနှုန်းမမြင့် မားပါဘူး။ ရေကျောက်(chicken pox)လိုအသက်အန္တရာယ် မခြိမ်းခြောက်နိုင်တဲ့ရောဂါလည်း မဟုတ်ပြန်ဘူး။ ကိုဗစ်ကပ်လို မျောက်ကျောက်ရောဂါကပ်(pandemic)ဖြစ်ဖို့ မရှိနိုင်ပါဘူး။

ကျောက်ကြီးရောဂါ (small pox)ကို ၁၉၈၀ ပြည့်နှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အမြစ်ပြတ်ကင်းစင်ပြီဖြစ်ကြောင်း ကြေညာကာ ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံတာ ရပ်ဆိုင်းခဲ့ပါတယ်။ ကျောက်ကြီးရောဂါကာ ကွယ်ဆေးထိုးနှံခွင့်ရရှိခဲ့သူတွေမှာ လက်မောင်းရင်း သိသာထင်ရှားတဲ့ အမာရွတ်တွေရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က မျောက်ကျောက်ရောဂါအတွက် နှစ်ကြိမ်ထိုးတဲ့ကာကွယ် ဆေးသစ်အနေနဲ့ ထပ်ပြီးထုတ်လုပ်ဖို့ အတည်ပြုချက်ရရှိထားတယ်။

ရောဂါကာကွယ်နည်းလမ်းတွေက မျောက်ကျောက်ရောဂါသံသယ လက္ခဏာရှိသူတွေ၊ မျောက်ကျောက်ရောဂါ သံသယရှိသူတွေနဲ့ အနီးကပ်ထိတွေ့တာက ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ တောရိုင်းတိရစ္ဆာန်နဲ့ ထိတွေ့တာ ကမ်းဘေးမှာတွေ့ရတဲ့ တောရိုင်း တိရစ္ဆာန်သေတွေ အကာအကွယ်မပါဘဲ ကိုင်တွယ်တာ၊ မဆင်မခြင် ချက်စားတာတွေ ရှောင်ကြဉ်သင့်ပါတယ်။ အသားကိုချက်ပြုတ်တဲ့အခါ ကျက်အောင်ချက်ပြီးမှ စား သောက်ဖို့ လိုပါတယ်။

မျောက်ကျောက်ရောဂါလက္ခဏာနဲ့ ဆင်တူရင် နီးစပ်ရာကျန်းမာရေးဌာနထံ သတင်းပို့ရမှာဖြစ်ကာ ကျောက်ကြီးရောဂါကာကွယ်ဆေး (သို့မဟုတ်) ရေကျောက်ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ၊ အညစ်အကြေးတွေ ကိုင်တွယ်ရင်လက်အိတ်အသုံးပြုဖို့လိုသ လိုလက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြော ဖို့လိုအပ်ပါတယ်။ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတွေကိုင်တွယ်တာရှောင်ကြဉ်သင့်ပြီး လူနာနဲ့ထိတွေ့ချိန်ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်။

မျောက်ကျောက်ရဲ့ကနဦး လက္ခဏာတွေက ဦးခေါင်းပြင်းထန်စွာကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ လည်ပင်းနဲ့ ပြန်ရည်အကျိတ် များရောင်ရမ်းခြင်း၊ နောက်ကျောနာကျင်ခြင်း၊ လည်ပင်း၊ ချိုင်းနဲ့ပေါင်ခြံမှာ ပြန်ရည်ကျိတ်များ ရောင်ရမ်း ကြီးထွားခြင်း၊ မျက်နှာ၊ ခြေ၊လက်စတဲ့ တစ်ကိုယ်လုံးအနှံ့ အရေပြားရဲ့ အပေါ်ယံလွှာ‌ပေါ်မှာ အရည်ကြည်ဖုများ ပေါက်လာပါတယ်။ အဖုအကွက်တွေ ကိုယ်လုံးပေါ်ထွက်ရှိခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်မှာ ပိုပြီးထွက်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူရဲ့ ၉၅ ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ်၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိပေါ်မှာ ပေါက်တတ်ကြောင်း တွေ့ရပါတယ်။ အရည်ကြည်ဖုဟာ ဆက်လက်အဝါ ရောင်အနှစ်ပြည်ဖုဖြစ်လာပြီး ခန္ဓာကိုယ်အနှံ့ အဖု၊ အရည်ကြည်ဖုများ ပေါင်းစပ်သွားပြီးရောဂါပျောက်ခါနီးမှာ အရေပြားအနာဖေးများ အလွှာလိုက်ကွာကျသွား တယ်။ ရောဂါပိုးနဲ့စတင်ထိတွေ့ချိန်မှ နှစ်ပတ်အတွင်း တွေ့ရတယ်။ ရောဂါလက္ခဏာကြာချိန်မှာ ၂-၄ ပတ်ခန့်အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့မှာ မျောက်ကျောက် ရောဂါတွေ ရနေပြီဖြစ်ပါတယ်။

မျောက်ကျောက် ကုသတဲ့အခါ ရောဂါသက်သာဖို့ နောက်ဆက်တွဲ အနာပြည်တည်တာတွေ ပျောက်ကင်းဖို့နဲ့ ရေရှည်မှာ ခန္ဓာကိုယ်အတွက် ထိခိုက်တာတွေမဖြစ်စေဖို့ ဦးတည်ဆောင်ရွက်ရပါတယ်။ဥရောပ ဆေးပညာရှင်အသင်း(European Medical Association EMA)ကကျောက်ကြီးရောဂါကုသဆေးတစ်မျိုးဖြစ်တဲ့ တီဂိုဗီရီမက်(Teco Virimat)ကို ၂၀၂၂ ခုနှစ်မှာ မျောက်ကျောက်ရောဂါ ကုသဆေး အဖြစ်လိုင်စင်ထုတ်ပေးထားပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာ မတွေ့ရသေးပါဘူး။  ဗြိတိန်အပါအဝင်ဥရောပနိုင်ငံအများအပြားက ရေကျောက်ကာကွယ်ဆေးအများအပြားစုဆောင်းထားပြီး မျောက်ကျောက်ကာကွ ယ်ဆေးအဖြစ်သုံးစွဲဖို့ ပြင်ဆင်နေတယ်။ တကယ်တမ်းမှာ ကျောက်ကြီး (Small pox) ကာကွယ်ဆေး၊ စီဒိုဖိုဗာ(cidofovir)၊ အက်တီ၂၄၆ (ST-246)နဲ့အင်မြူ နိုဂလိုဘင်(Immune globinvaccine )တို့က မျောက်ကျောက်ကူးစက်မှုမှ ကာကွယ်နိုင်တယ်။

မျောက်ကျောက်ရောဂါဟာ ကူးစက်မှု နှေးကွေးနေလို့ ကမ္ဘာ့ကပ်ရောဂါ (pandemic disease)အနေနဲ့မရောက်ရှိနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထားပေမဲ့ ယခင်ကျောက်ကြီး (small pox) ဖြစ်ခဲ့ဖူးတဲ့ရာဇဝင်အရ အစုလိုက်အပြုံလိုက်ပြန်ဖြစ်လာကာ သေဆုံးနိုင်မှုတွေ၊ ပျံ့နှံ့ကူးစက် မှုတွေရှိလာနိုင်လို့ ယင်ကလို ကျောက်ကြီးကာကွယ်ဆေး (small pox vaccine)လို မျောက်ကျောက် ကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်နိုင်ပါတယ်။      

 

ဒေါက်တာလွင်သန့်

Most Read

Most Recent