မြန်မာ-ရုရှား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ငွေပေးမှုဆိုင်ရာ ကတ်စနစ် အပြန်အလှန်အသုံးပြုရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ရုရှား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ငွေပေးမှုဆိုင်ရာ ကတ်စနစ် အပြန်အလှန်အသုံးပြုရေးကိစ္စရပ်များ ဆွေးနွေး
Published 11 November 2023

မြန်မာ-ရုရှား နှစ်နိုင်ငံ စွမ်းအင်၊ လျှပ်စစ်၊ ခရီးသွားကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ငွေပေးမှုဆိုင်ရာ ကတ်စနစ်အပြန်အလှန် အသုံးပြုရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ရေနံချက်စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများအား အဆင့်မြှင့်တင် မွမ်းမံပြုပင်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးတို့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် နိုဝင်ဘာ ၁၀ ရက်၌ပင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် ပြီးဆုံးပြီးနောက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားများ အပြန်အလှန်သွားလာလည်ပတ်ရေး၊ အစိုးရ-ပုဂ္ဂလိက အားလုံးပါဝင်သော Virtual Tourism Forum ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲပေးနိုင်ရေး၊ နှစ်နိုင်ငံခရီးစဉ်ဒေသများ ကြော်ငြာမြှင့်တင်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် နိုဝင်ဘာ ၁၀ ရက်၌ နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပြီး  မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုနှင့်ခရီးသွားကဏ္ဍ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် ငွေပေးမှုဆိုင်ရာ ကတ်စနစ်အပြန်အလှန်အသုံးပြုစေရေးနှင့် ကုန်သွယ်မှုတွင် ဘဏ်လုပ်ငန်းမှ ပံ့ပိုးဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။