ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်အား စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်အား စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်
Published 10 November 2023

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်အား စစ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ၎င်း၏ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြု၍ နိုင်ငံကူးလက်မှတ်များကို ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ထိုသို့စွဲချက်တင်ပြီးနောက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်းနှင့် အမှုမှာ ပါဝင်ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးများတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းကလည်း နစကအဖွဲ့ဝင်ဟောင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမိုးမြင့်ထွန်းကို စစ်တရားရုံးက နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အားထားရသူများတွင် ပါဝင်သူများဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်သည် ဗိုလ်မှူးချုပ်လွန်းမောင်(ကွယ်လွန်)၏သားဖြစ်ပြီး ၎င်းအနေဖြင့် တပ်မတော်တွင် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှစတင်ကာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးတာဝန်အပြင် နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်တာဝန်ကိုများကို ပူးတွဲထမ်းဆောင်ခဲ့ရပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတာဝန်တို့ကို စွန့်လွှတ်ခဲ့ရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသည်။

ယင်းနောက် စက်တင်ဘာ ၂၅ ရက်တွင် နစကအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့သည်  နစကအဖွဲ့ဝင်များအဖြစ် ဖယ်ရှားခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်သည် ပြည်ထောင်စုဝန်ကြီးတာဝန်မှပါဖယ်ရှားခံရကာ ထိုစဉ်က၎င်းအား  စစ်ဘက်မူလတာဝန်များ ထမ်းဆောင်စေရန်ဟုသာ အမိန့်ထုတ်ပြန်ခဲ့ပြီး ယခုအခါ ၎င်းကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

Most Read

Most Recent