ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် နေရာများအား အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် နေရာများအား အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 November 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် စသည့်နေရာသုံးခုအား အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များရှိ နေရာအချို့ကို လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ကိုးကန့်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ကိုးကန့်မျိုးနွယ်စုခေါင်းဆောင်များအကြား ပဋိပက္ခနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

“ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံ‌ရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ် ဒီသုံးခုတော့ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များအားလုံးကို လက်နက်ကိုင်များက ထိန်းချုပ်ထားနိုင်ပြီဆိုသည့် ဝါဒဖြန့်မှုများကိုလည်း တွေ့နေရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီနေရာမှာတော့ ဝါဒဖြန့်မှုအမျိုးမျိုး တွေ့ရတာပေါ့။ ဝါဒဖြန့်မှု အမျိုးမျိုး တွေ့ရတဲ့အခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ အားလုံးနီးပါးလောက် ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ၊ ပြီးရင် ဘယ်နေရာတွေ၊ ဘယ်နေရာတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ တွေ့ရတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လောက်ကိုင်ဒေသသည် ယခင်က ဗကပတပ်၊ ၀ တပ်၊ ကိုးကန့်တပ်များရှိခဲ့သည့် ဒေသဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် လောက်ကိုင်ဒေသအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းဒေသတွင် ငါးနှစ်တစ်ကြိမ်ခန့် မျိုးနွယ်စုများအကြားတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သဖြင့် နယ်မြေဒေသများကို အစွမ်းကုန်ကာကွယ်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့က မြန်မာနိုင်ငံသည်လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်။ ဒီလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနယ်မြေဒေသကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်တွင် ချင်းရွှေဟော်၊ မွန်ဂိုး၊ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး စသည့်နေရာများ၌ MNDAA၊ TNLA၊ AA အဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ချင်းရွှေဟော်ရှိ ကိုးကန့်ခေါင်းဆောင်ဟောင်းတစ်ဦးပိုင်ဆိုင်သည့် ဟိုတယ်မှ ဝန်ထမ်းများနှင့် အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲ့နေမှာပဲ ဖောင်ဆိပ် လုံခြုံရေးစခန်း တိုက်ခိုက်ခံရတယ်။ ဖောင်ဆိပ်တံတား မိုင်းထောင်ဖျက်စီးခြင်း ခံရတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း အဲ့နေရာတွေမှာ ဆက်လက်တိုက်ပွဲဖြစ်ပွားတာ တွေ့ရတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူ၊ ဟိုပန်၊ အဲ့ဒီဘက်တွေမှာ တိုက်ပွဲလေးတွေ ဖြစ်ပွားခဲ့တာရှိတယ်။ ဒါအောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ နမ့်ခန်းတို့၊ မွန်းဂိုးတို့၊ ကွတ်ခိုင်၊ လားရှိုးတို့၊ နမ္မတူမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ လားရှိုးဘက်မှာ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ၎င်းအဖွဲ့များသည် တရုတ်နှင့် မြန်မာနယ်စပ်တွင် ဖြစ်နေသည့် အွန်လိုင်းလောင်းကစားမှုကို အကြောင်းပြပြီး အွန်လိုင်းလောင်းကစားမှုကို နှိမ်နှင်းရန်ဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပွဲများ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent