ထောင်ဝင်စာတွေ့ခွင့် စည်းကမ်းချက်များကို အကျဉ်းထောင်များတွင်သာမက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင်လည်း စုံစမ်းနိုင်

ထောင်ဝင်စာတွေ့ခွင့် စည်းကမ်းချက်များကို အကျဉ်းထောင်များတွင်သာမက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင်လည်း စုံစမ်းနိုင်
Published 25 October 2023

ထောင်ဝင်စာ တွေ့ခွင့်စည်းကမ်းချက်များကို အကျဉ်းထောင်များတွင်သာမက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင်လည်း စုံစမ်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်များနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာအထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“အတူနေအိမ်ထောင်စုဝင်ဖြစ်ရပါမယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးဖြစ်ရပါမယ်။ ကျန်အချက်များကို အကျဉ်းထောင်များရှေ့မှာ ဆိုင်းဘုတ်နဲ့ ကြေညာပေးထားပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှာလည်း စုံစမ်းနိုင်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်မှ စတင်ပြီး အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ပထမဆုံး အကြိမ်ပြန်လည်ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။

အကျဉ်းသားနှင့် တွေ့ဆုံရန်အတွက် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ ရက်သတ္တပတ်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံစာမူရင်း၊ တစ်ပတ်အတွင်း ပြုလုပ်ထားသည့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်း၊ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးကြောင်း အထောက်အထားများ ယူဆောင်လာရမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဘက်က ထုတ်ပြန်ထားကြောင်း တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင်တားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းများကို ယူဆောင်လာခြင်းမပြုရန်၊ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို ထုတ်ပိုးလာသည့် အိတ်မှာ ရှင်းရှင်းလင်းလင်းဖြစ်ရန်လိုအပ်ကြောင်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခြင်း၊ ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများကို လုပ်ဆောင်ရာတွင် ကြည်ဖြူစွာလက်ခံရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်နေရာမှအပ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ထောင်၊ စခန်းအတွင်းရှိမည်သည့်နေရာကိုမှ သွားလာခြင်းမပြုရကြောင်း သိရသည်။

ထို့ပြင် ထောင်ဝင်စာတွေ့ချိန်တွင် နှာခေါင်းစည်းတပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ကိုယ်အပူချိန်ကို ကျော်လွန်နေပါက ဧည့်တွေ့ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent