AI နည်းပညာ လွှမ်းမိုးလာတဲ့ခေတ်

AI နည်းပညာ လွှမ်းမိုးလာတဲ့ခေတ်
Published 28 December 2016

ဖုန်းဝင်လာတဲ့အခါ ဆက်လာသူရဲ့နာမည်ကို ဖုန်းကရွတ်ပြပါလိမ့်မယ်။ မကိုင်ဘဲနဲ့ ဖုန်းချလိုက်ချင်တယ်ဆိုရင် သင်က ပါးစပ်နဲ့ အမိန့်ပေးပါ။ ပြီးတော့ မက်ဆေ့ချ်တစ်စောင် ဝင်လာပါလိမ့်မယ်။ ဘယ်ကမက်ဆေ့ချ်လဲ၊ ဘာအကြောင်းအရာလဲဆိုတာကို ဖုန်းကနေ ရွတ်ပြပါလိမ့်မယ်။ မဖတ်ရသေးဘူးဆိုရင် မကြာမကြာ ဖုန်းကနေ အသံထွက်လာပြီး သတိပေးနေပါလိမ့်မယ်။
ဒါဟာ AI နည်းပညာရဲ့ နမူနာတစ်ခုသာဖြစ်ပြီး လက်ရှိအချိန်မှာ အသုံးပြုနေနိုင်ပြီ ဖြစ်ပါတယ်။ သုံးနိုင်တဲ့ဖုန်း၊ မသုံးနိုင်တဲ့ဖုန်းဆိုပြီးတော့ ကွဲပြားမှု ရှိနိုင်ပါတယ်။ တစ်ချိန်ချိန်မှာတော့ ဖုန်းတိုင်းမှာ ပါဝင်လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကစမတ်ဖုန်းနဲ့ ဥပမာပြောတာဖြစ်ပြီး AI နည်းပညာဟာ နယ်ပယ်စုံကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ အသုံးပြုနေတဲ့ စမတ်ပစ္စည်းတိုင်းဟာ AI နည်းပညာတွေ အနည်းနဲ့အများဆိုသလို ပါဝင်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ဘာထူးခြားလဲဆိုတော့ စက်ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ အသုံးပြုပုံ အလေ့အထတွေကို မှတ်သားထားပြီးတော့ လိုက်လျောညီထွေရှိတဲ့ တုံ့ပြန်နိုင်စွမ်းတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
စမတ်ဖုန်းတွေ သာမကဘဲ နေ့စဉ်သုံးစွဲနေတဲ့ Facebook လိုလူမှုကွန်ရက်တွေ၊ လက်တော့ပ်တွေ၊ လေအေးပေးစက်တွေ၊ လက်ပတ်နာရီတွေ၊ မော်တော်ကားတွေမှာလည်း AI နည်းပညာက လွှမ်းမိုးထားပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က နယ်ပယ်စုံကို AI နည်းပညာ လွှမ်းမိုးသွားပြီဖြစ်တဲ့ နှစ်တစ်နှစ်လားဆိုတာ ယုံမှားသံသယ ဖြစ်စရာတောင် မလိုတော့ပါဘူး။ သတိမထားမိလိုက်တဲ့ အချိန်အတွင်းမှာပဲ သက်မဲ့စက်ပစ္စည်း အတော်များများကို AI ကလွှမ်းမိုးထားပြီ ဖြစ်ပါတယ်။
AI ကို အသိဉာဏ်တု နည်းပညာလို့ဆိုတာကြောင့် စက်ပစ္စည်းတွေကို ဒီနည်းပညာ ထည့်သွင်းလိုက်တဲ့အခါ တုံ့ပြန်နိုင်စွမ်းရည်က အဆင့်မြင့်ပြီး သက်ရှိသဖွယ် ဖြစ်လာခဲ့ပါတယ်။ စမတ်ဖုန်းတွေမှာဆိုရင် သင်အများဆုံး ဆက်သွယ်တတ်တဲ့ ဖုန်းနံပါတ်တွေ၊ အများဆုံး အသုံးပြုတတ်တဲ့ ဆော့ဖ်ဝဲတွေကို ဖော်ပြပေးနေမှာဖြစ်ပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
Google Search ကအစ ရှာဖွေပေးပုံတွေဟာ အရင်ကထက်ပိုပြီး အများကြီး အဆင့်မြင့်လာခဲ့ပါတယ်။ ရုပ်ရှင်နာမည်တွေကို နှစ်ခုသုံးခု ဆက်တိုက်ရှာပြီးတဲ့အခါ နောက်ထပ်ရှာဖွေတဲ့ စကားလုံးတွေ ရောက်တဲ့အခါ ရုပ်ရှင်နာမည် တစ်ခုခုကို အရင်ပြပေးမှာ ဖြစ်ပါတယ်။ သင်ဘာတွေကို ကြိုက်နှစ်သက်တတ်လဲ၊ ဘာတွေကို ရှာဖွေမှုများလဲ ဆိုတာကိုလည်း ရှာဖွေရေးအင်ဂျင်က သိနေပါတယ်။ YouTube မှာဆိုရင်ပဲ သင်စိတ်ဝင်တစားရှိတဲ့ ဗီဒီယိုမျိုးတွေကို ဦးစားပေး ပြသနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်ပင်ပန်းပန်း ရှာဖွေနေစရာမလိုဘဲ ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲမှုမှတ်တမ်းတွေက သင့်ရဲ့စိတ်ဝင်စားမှုနဲ့ အလေ့အထတွေကို ဖော်ပြနေမှာ ဖြစ်ပါတယ်။
ဒီနည်းပညာကို ဖုန်းတွေ ကွန်ပျူတာတွေထဲမှာ ထည့်သွင်းထားတာဟာ ဒီပစ္စည်းတွေကနေ ကိုယ်ရေးလက်ထောက်သဖွယ် ဆောင်ရွက်နိုင်စွမ်းတွေ မြင့်မားလာခဲ့ပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်ဖို့ရှိလဲ၊ ဘယ်တွေသွားရဦးမလဲဆိုတာ တောက်လျှောက် သတိပေးနေမှာ ဖြစ်ပါတယ်။
မော်တော်ကားတွေမှာဆိုရင်လည်း အလိုအလျောက် မောင်းနှင်စနစ်သုံးကားတွေ မတွင်ကျယ်လာသေးဘူး ဆိုပေမယ့် အကြီးအကျယ် စိုင်းပြင်းနေမှုတွေ မြင်တွေ့နေရပါတယ်။ လူမောင်းရတဲ့ကားတွေမှာ လူရဲ့လုပ်ဆောင်ရမှုတွေဟာ သက်သာသွားပြီး လမ်းကြောစနစ်ကို မှတ်သားတာ၊ အလိုက်သင့်ချိန် ညှိမှုတွေနဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင်ရှားမှုတွေက သူ့အလိုအလျောက် လုပ်ဆောင်ချက်တွေ အတော်များလာပြီ ဖြစ်ပါတယ်။ သင်အမှားတွေ လုပ်နေရင်တောင် ကားကပြန်ပြီး သတိပေးမှာ ဖြစ်ပါတယ်။
ဒီစမတ်ပစ္စည်းအားလုံးဟာ ကွန်ရက်ချိတ်ဆက်မှု ရှိလာပြီးတော့ အပြန်အလှန် အမှီသဟဲပြု ချိတ်ဆက် လုပ်ဆောင်နိုင်စွမ်းတွေ မြင့်မားလာဖို့လည်း ရှိနေပါတယ်။ ဒါတွေက နေ့စဉ်လုပ်ဆောင်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေနဲ့ နေထိုင်မှုပုံစံတွေကို အထောက်အကူ ပြုနေပါလိမ့်မယ်။
ဒါပေမဲ့လည်း လူရဲ့အသိဉာဏ်အစစ်ကတော့ ဦးဆောင်ဦးရွက်ပြုနေရမှာ ဖြစ်ပါတယ်။ အသိဉာဏ်တုဆိုတာက ယေဘုယျသဘောဆန်ပါတယ်။ သူ့မှာ ဝေဖန်သုံးသပ်နိုင်စွမ်းလည်း အားနည်းမှာပါ။ ပုံသေဆန်ကောင်း ဆန်နေပါလိမ့်မယ်။ လူဆိုတာကတော့ တစ်သက်လုံး ဒါလုပ်လာခဲ့ပြီးမှ မလုပ်တော့ဘူး ဆိုတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကိုပဲ ရွေးချယ်သင့်တယ်လို့ စက်ကဆိုနေရင်တောင် အဲဒီအခါကျရင် သုံးစွဲသူကတော့ ငြင်းပယ်ပါလိမ့်မယ်။