၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးအဆင့် ဌာနအချို့က ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံသည့် ကျပ် ၁၆၈ ဘီလျံကျော်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတည်ပြု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးအဆင့် ဌာနအချို့က ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံသည့် ကျပ် ၁၆၈ ဘီလျံကျော်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတည်ပြု
Published 27 December 2016
ကျော်ထင်၊ ထက်ရှိုင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေအဖြစ် တောင်းခံသည့် ကျပ် ၁၆၈ ဒသမ ၃၁၂ ဘီလံျကျော်ကို ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။
ယင်းသို့ နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေတောင်းခံသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီက အတည်ပြုသင့်ကြောင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် ရယူခဲ့ရာ သဘောတူသဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မူလက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ စုစုပေါင်းကျပ် ၁၈၄ ဘီလျံကျော်ရှိပြီး ယင်းဘဏ္ဍာငွေ လျာထားချက်ကို အောက်တိုဘာ ၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဘဏ္ဍာရေး ကော်မရှင်သို့ ဆက်လက် တင်ပြခဲ့ရာ ကျပ် ၁၆ ဒသမ ၃၃၅ ဘီလျံ (ကျပ် ၁၆၃၃၅ ဒသမ ၈၄၂ သန်း) စိစစ်လျှော့ချခံခဲ့ရပြီး ကျပ် ၁၆၈ ဒသမ ၃၃၂ ဘီလျံ (၁၆၈၃၁၂ဒသမ ၂၂၇ သန်း) ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ စိစစ်လျှော့ချခံရသည့် ငွေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မူလလျာထားသည့် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းမှ ကျပ် ၁၁၀၀၀ သန်း၊ ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ကျပ် ၅၀၀၀ သန်းနှင့် လယ်ယာ မြေပြုပြင်ခြင်း လုပ်ငန်းများမှ ကျပ် ၃၃၅ ဒသမ ၈၄၂ သန်းတို့အား ပြန်လည် ပြင်ဆင် လျှော့ချခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွက် နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေကျပ် ၁၆၈ ဒသမ ၃၁၂ ဘီလျံကျော် ကျန်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဘဏ္ဍာငွေကို ယခုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ မူလရသုံးမှန်းခြေ ငွေစာရင်းမှာ ကျပ် ၃၃၆ ဘီလျံ ဖြစ်သည်။ 

Most Read

Most Recent