ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေး အပါအဝင် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျေးရွာ ၄ ရွာမှ လယ်သမားများ ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေး အပါအဝင် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျေးရွာ ၄ ရွာမှ လယ်သမားများ ဆန္ဒထုတ်ဖော်
Published 27 December 2016
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေး အပါအဝင် သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျေးရွာ ၄ ရွာမှ လယ်သမားများ ၁၅၀ ခန့်တို့က ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းက မင်းဒရားချိတ်လမ်းနှင့် ကျေးတောလမ်းဆုံတွင် စုစည်းကာ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှ တပ်သိမ်းမြေများ ပြန်လည်ရရှိရေး၊ စစ်တွေမြို့နယ် ဆတ်ရိုးကျကမ်းရှိ စက်မှုရပ်ကွက်နှင့် အခြားသော သိမ်းဆည်းခံမြေများအား ပြန်လည်ရရှိရေးအတွက် ထိုသို့ တောင်းခံ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်းနှင့် လယ်ဧက မြောက်များစွာကို အစိုးရမှ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ ဆန္ဒထုတ်ဖော်သူများမှာ ပါဒလိပ်ကျေးရွာ၊ ဆတ်ရိုးကျ၊ မင်းဒရားချိန်နှင့် ကျေးရွာကျေးရွာများမှ လယ်သိမ်းခံ လယ်သမားများ ဖြစ်ကြောင်းလည်း သိရှိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် သိမ်းဆည်းခံ လယ်မြေ ပြန်လည် ရရှိရေး ဒို့အရေး၊ လယ်မြေပေါ် ကျူးကျော် အဆောက်အဦးများ ဖယ်ရှားပေးရေး ဒို့အရေး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေး ဒို့အရေး၊ လွှတ်တော်လယ်ယာမြေ စိစစ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးရေး ဒို့အရေး အစရှိသော ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကာ ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent