ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်မှ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည်ဟုဆိုကာ ပဲခူးမြို့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသူ မစန္ဒီမြင့်အောင် အာမခံရရှိ

ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်မှ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည်ဟုဆိုကာ ပဲခူးမြို့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသူ မစန္ဒီမြင့်အောင် အာမခံရရှိ
Published 26 December 2016

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အမှတ် (၂) ရဲစခန်းတွင် အောက်တိုဘာ ၂၈ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည်ဟုဆိုကာ မစန္ဒီ္ဒမြင့်အောင် (အသက် ၁၉ နှစ်၊ အဘဦးမြင့်အောင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အလုပ်အမှုဆောင်) အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မလင်းလဲ့လဲ့လှိုင် (အသက် ၁၈ နှစ်၊ အဘဦးဌေးနိုင် ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးအဖွဲ့ဝင်) က အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ၂၉ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ၂၆ ရက် ရုံးချိန်းတွင် အာမခံလျှောက်ထားရာ ပဲခူးမြို့နယ် တရားရုံးမှခွင့်ပြုခဲ့ကြောင်း သိရသည်။
မစန္ဒီမြင့်အောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစာများရေးပြီး Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်း ဓာတ်ပုံ ၁၀ ပုံအပါအဝင် အထောက်အထားများဖြင့် အမှတ် (၂) ရဲစခန်းသို့ လာရောက်တိုင်ကြား၍ ဒုရဲအုပ် သန်းထွန်းက (ပ)/ ၈၆၂ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“၆၆ (ဃ) ပုဒ်မကို ပြည်သူတစ်ယောက် အနေနဲ့ပြောရရင် အရင်အစိုးရ လက်ထက်ကတည်းက NLD အဖွဲ့တွေက မကြိုက်ပါဘူး ပြောပြီး ဆန္ဒတွေပြခဲ့တယ်။ အတိုက်အခံတွေ လုပ်ခဲ့တယ်။ ၆၆ (ဃ) ဟာ ပြည်သူတွေကြားထဲမှာ မမျှတတဲ့ပုဒ်မကြီးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပုဒ်မဟာ ဒီမိုကရေစီကို သွားနေတဲ့လမ်းကြောင်းမှာ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ဒီမိုကရေစီဆိုတာ ပွတ်တိုက်မှုတွေရှိနေမှာပဲ။ မကြိုက်တာကို  မကြိုက်ဘူးပြောပိုင်ခွင့်ရှိရမယ်။ ဒီပုဒ်မကြီးက မျက်စိပိတ်နားပိတ် လုပ်ထားပြီး ဘာမှမပြောရဲအောင် ပိတ်ထားသလိုဖြစ်နေတယ်။ ဘာမှမသိတဲ့ ကလေးတွေ Facebook ပေါ်မှာ ရေးတိုင်းအဖမ်းခံရမယ်ဆို အကုန်ဒုက္ခရောက်ကုန်မယ်။
ဒါကြောင့် ၆၆ (ဃ)ကို ဖျက်သင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ် အခြားပုဒ်မတွေနဲ့အစား ထိုးသင့်တယ်လို့ထင်ပါတယ်” ဟု မစန္ဒီမြင့်အောင်၏ ဖခင် ဦးမြင့်အောင်က ပြောကြားသည်။
တရားလိုပြု လုပ်တိုင်ကြားသူ မလင်းလဲ့လဲ့လှိုင်၏ ဖခင်ဖြစ် သူဦးဌေးနိုင်က “ကျွန်တော့် အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူး။ ဥပဒေ အတိုင်းပါပဲ” ဟု ပြောကြားသည်။
ပဲခူးမြို့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးမှုရှိပြီး ယခုအဖမ်းခံထားရသော မစန္ဒီမြင့်အောင်မှ ချောစန္ဒီထွန်း (ချစ်သမီး) အကောင့်ပိုင်ရှင်အား စွဲဆိုထားသောအမှုမှာ နေပြည်တော်တွင် CID စစ်ချက်ယူနေကြောင်းသိရပြီး ပဲခူးအခြေစိုက် ကဝိဂျာနယ် အယ်ဒီတာချုပ် စာရေဆရာ အောင်ထိပ် (ခ) ဒေါက်တာစိုးမြင့်သန်းနှင့် မအိကေဇင်တို့နှစ်ဦးအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသောအမှုမှာလည်း အာမခံရရှိထားကြောင်း သိရသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူမှုများဖြစ်ပေါ်နေပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ အများပြည်သူများအကြား မျှတမှုမရှိကြောင်း ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။

Most Read

Most Recent